ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအပေါ် စီးပွားရေးပါရဂူ ဦးမြင့်၏ အမြင်

By ဦးမြင့်
13 December 2019
ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအပေါ် စီးပွားရေးပါရဂူ ဦးမြင့်၏ အမြင်

အနှစ်ချုပ်

(၁) မြန်မာနိုင်ငံတွင် ယခင်အစိုးရနှင့် လက်ရှိ အစိုးရတို့သည် ကြီးမားကျယ်ပြန့်သည့် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် တရုတ်နိုင်ငံကို မတူညီသော ပုံစံများဖြင့် ချဉ်းကပ်ခဲ့ကြသည်။

(၂) ၂၀၁၁ ခုနှစ်က တရုတ်တို့နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည့် မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းထားပြီးနောက် မြန်မာသည် တရုတ်တို့၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာခဲ့သည်။

(၃) အပြင်ပန်းအားဖြင့် တစ်သမတ်တည်း မဟုတ်သော မူဝါဒများသည် မြန်မာပြည်သူလူထုနှင့် ဆုံးဖြတ်ဆွေးနွေး ပိုင်ခွင့် မရှိသည့် စီမံကိန်း အကောင်အထည် ဖော်နေသူများအကြား စိုးရိမ်ကြောင့်ကြမှုနှင့် ဇဝေဇဝါ ဖြစ်စေသည်။ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် အတွေ့အကြုံဟောင်းများကြောင့် အုပ်ချုပ်သူနှင့်ပြည်သူတချို့ သံသယ ဝင်စေနိုင်သည်။

(၄) လက်ရှိ မြန်မာအစိုးရသည် မြစ်ဆုံဆည် အငြင်းပွားမှုအတွက် လက်တွေ့ဆန်ပြီး သံတမန် နည်းလမ်းကျသော ဖြေရှင်း ချက်ရရှိရန် ကြိုးစားလျက်ရှိသည်။ အစိုးရသည် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံစီမံကိန်းအပေါ် သဘောတူညီထားပြီး အကောင်အထည်ဖော်မှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ တင်ပြလျှင်တော့ အတိတ်ကထက် အခြေအနေ ပိုကောင်း သည်ဟု ဆိုရမည်။

(၅) တရုတ်နှင့်လက်တွဲလုပ်မည့် မြန်မာနိုင်ငံအတွက် အကူအညီဖြစ်စေနိုင်သည့် လက်တွေ့ကျသော လမ်းစဉ်များကို ဒေသအတွင်း တခြားနိုင်ငံများနှင့် လက်တွဲလုပ်ခဲ့သည့် အတွေ့အကြုံများက တစေ့တစောင်း သတိပေးနေသည်။ စီမံကိန်း ဆိုင်ရာ သဘောတူညီချက်များ အပြီးမသတ်ခင် ပါဝင်ရင်းနှီးမြှုပ်နှံထားသူများနှင့် စီမံကိန်းတာဝန်ရှိသူ အာဏာပိုင်များကို တရားဝင် တင်ပြခြင်းဖြင့် ၎င်းတို့၏ သဘောထားအမြင်များကို ဆွေးနွေးခြင်းများ ပြုလုပ်ရမည်။

(၆) ကဏ္ဍအလိုက်အားဖြင့် သော်လည်းကောင်း တခြား အကျိုးအမြတ် အတွက်သော်လည်းကောင်း လမ်းချော်မသွားဘဲ နိုင်ငံ အကျိုးစီးပွားအတွက် အရေးပါသော စီမံကိန်းများ အကောင်အထည်ဖော်နိုင်စေရန် ခိုင်မာ တောင့်တင်းသည့် အစိုးရ၏ကဏ္ဍကလည်း လိုအပ်ပေသည်။

အောက်ပါ အချက်များသည် တရုတ်၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအကြောင်းနှင့် မြန်မာနိုင်ငံအပေါ် မည်သို့ အကျိုး သက်ရောက် နိုင်ပုံတို့ကို မြန်မာ့စီးပွားရေးပါရဂူ ဦးမြင့်၏ အမြင်အား အကျဉ်းချုံး ဖော်ပြထားခြင်း ဖြစ်သည်။

နိဒါန်း

မကြာသေးမီ နှစ်များက မြန်မာ့ ထိပ်ပိုင်း ခေါင်းဆောင်များသည် တရုတ်တို့နှင့် အခြေခံ အဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ စီမံကိန်းများ လုပ်ဆောင်ရာတွင် လုံးဝ ခြားနားသော နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ဟန် ရှိသည်။ တနည်း အားဖြင့်ပြောရလျှင် ၎င်းတို့၏ ဆုံးဖြတ်ချက်များတွင် စီမံကိန်းက သက်ရောက်မှုကိုခံရသည့် အဖွဲ့အစည်းများနှင့် ပြည်သူ အများစု စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားသော လက်တွေ့ကျသည့် ဆင်ခြေတွေးခေါ်မှုများ ထင်ဟပ်နေသည်။

ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြစ်ဆုံဆည် စီမံကိန်းကို ရပ်နားခဲ့သည်။ ၂၀၁၆ ခုနှစ်၊မတ်လတွင် ယခင် အစိုးရသက်တမ်း ကုန်ဆုံးပြီးနောက် စီမံကိန်းကို ပြန်စသင့်/ မသင့်နှင့် တခြား မည်သည့် စီမံကိန်း လုပ်သင့်သနည်း ဆိုသည့် ပြဿနာများ ပေါ်ပေါက်လာခဲ့သည်။

ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသည့် NLD အစိုးရ လက်ထက်တွင် တရုတ်နှင့်စီးပွားရေး တုံ့ပြန်မှုတွင် ခပ်သွက်သွက် လျှောက်လှမ်းဟန်ရှိသည်။ တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ (CMEC) နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့သလို ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူး စီးပွားရေးဇုန် သဘောတူညီချက်ကိုလည်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ကီလိုမီတာ ၁၇၀၀ ခန့် ရှည်လျားသည့် စီးပွားရေးစင်္ကြံသည် ယူနန်ပြည်နယ်မြို့တော် ကူမင်းနှင့် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး အချက်အချာ နေရာများဖြစ်သည့် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ကို ချိတ်ဆက် မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ အဖွံ့ဖြိုးဆုံးဒေသနှင့် ဖွံဖြိုးမှု အနည်းဆုံးဒေသများကို ချိတ်ဆက်မည်ဖြစ်သည်။

CMEC  စီမံကိန်းသည် မြစ်ဆုံဆည်ထက်ပင် အန္တရာယ်များသည်ဟု တချို့က မြင်ကြသည်။ မြန်မာအစိုးရသည် CMEC မှ တစ်ပါး အထူးသဖြင့် BRI နှင့် ဆက်စပ်နေသော  ရှုပ်ထွေးသည့် ကိစ္စများကို အရဲစွန့် ဆုံးဖြတ်ချက် ချခြင်းများ မပြုလုပ်ပေ။ ထိုသို့ဆိုလျှင် သင်ခန်းစာများကို အတွေ့အကြုံယူပြီး BRI ကို မည်သို့ ရှေ့ဆက် လုပ်ဆောင်သင့်ပါသလဲ။

မြစ်ဆုံဆည် စီမံကိန်း အငြင်းပွားမှု

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးဟောင်း Mr.Hong Liang က ရပ်တန့်နေသည့် မြစ်ဆုံစီမံကိန်းအပေါ် ပြင်းပြင်း ထန်ထန် သုံးသပ်ပြီး သံရုံး၏ Facebook စာမျက်နှာနှင့် People’s Daily အယ်ဒီတာ့အာဘော်မှာ ဖော်ပြခဲ့ကာ အငြင်းပွား မှုကို ပြန်လည် အသက်သွင်း မီးမောင်းထိုးပြခဲ့သည်။

မြစ်ဆုံစီမံကိန်းသည် BRI ၏ အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်ပြီး နှောင့်နှေးနေခြင်းက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု အပါအဝင် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို အဟန့်အတား ဖြစ်စေပြီး မြန်မာတို့၏ ယုံကြည် လက်ခံနိုင်စွမ်းကို သက်ရောက်သည်ဟု တရုတ်၏အမြင်ကို ဖော်ပြထားသည်။

NLD အစိုးရသည် မတတ်သာသည့်အဆုံး ပြဿနာဖြေရှင်းရန် ကော်မတီဖွဲ့ခဲ့သည်။ မြစ်ဆုံဆည် စီမံကိန်းကို သုံးသပ် သည့် အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းထားသည့်ကော်မရှင်က ပတ်ဝန်းကျင်နှင့် လူမှုရေးရာ အကျိုးသက်ရောက်မှုများ ပါဝင် သော အစီအရင်ခံစာ ၂ စောင် ထုတ်ပြန်ခဲ့သည်။ လူသိရှင်ကြား မချပြသော်လည်း အစီအရင်ခံစာအရ အဆိုပါ စီမံကိန်း သည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများကြောင်း ထင်ကြေး ပေးခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားကို သံအမတ်ကြီး Mr.Hong Liang လာရောက် လည်ပတ် လိုက်သည့်အခါ မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး မြန်မာလူမျိုးများအကြား ဖြစ်ပေါ်နေသည့် စိုးရိမ်မှုများနှင့် ဒွိဟ ဖြစ်မှုများကို ထပ်ဆွသကဲ့သို့ ဖြစ်သွားသည်။

ကချင်နိုင်ငံရေး ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ကြည့်ပြီးနောက် တချို့ ကချင်ခေါင်းဆောင်များ က စီမံကိန်းကို ထောက်ခံကြောင်း သံအမတ်ကြီးက အခိုင်အမာ ပြောခဲ့သည်။ ထို့ကြောင့် တုန်လှုပ်ချောက်ချားမှု၊ မယုံ ကြည်မှု၊ ဆန္ဒပြမှုများ ဖြစ်စေခဲ့ပြီး စီမံကိန်း အဆုံးသတ်ပေးရန် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာခဲ့ကြသည်။

မြန်မာ့ ရေအားလျှပ်စစ်ဆိုင်ရာ ၂၀၁၈ အစီအရင်ခံစာ အပါအဝင် များစွာသော နည်းပညာနှင့်ပတ်ဝန်းကျင် အကဲဖြတ်ချက် များက မြစ်ဆုံစီမံကိန်းကို ပြန်စရန်မသင့်ကြောင်း သက်သေပြခဲ့ကြသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ တို့သည် မြစ်ဆုံဆည် ဆန့်ကျင်ရေးကိစ္စတွင် တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်သည်။

မြန်မာသည် တရုတ်နှင့်မလေးရှားတို့၏ ကောင်းမွန်သော ဆက်ဆံရေးကို ဥပမာယူလျက် စီမံကိန်း အသစ်များကိုလည်း သတိမူကာ တိုင်ပင် ညှိနှိုင်းလုပ်ဆောင်သင့်ကြောင်း၊ မြစ်ဆုံဆည် စီမံကိန်းအစား CMEC နှင့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်တို့ကို စတင် လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။
 
မြန်မာနိုင်ငံ တချို့ဒေသများ စီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် စိတ်ရှည်သည်းခံမှု၊ ကြိုးစားအားထုတ်မှုနှင့် ပို၍ ပြီးပြည့်စုံ သော နည်းလမ်းတို့က ပိုးလမ်းမသစ် စီမံကိန်းနှင့်အတူ နိုင်ငံကို အရှိန်ရစေမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ဘာများ လိုအပ်ပါသလဲ။ သတင်းအချက်အလက်နှင့် အကောင်အထည်ဖော်ခြင်းတို့ကို အတူယှဉ်တွဲ လုပ်ဆောင်သင့်သည်ဟု ဦးမြင့်က ၎င်း၏အမြင်က ိုပြောထားသည်။

ပြည်သူကို ပိုမိုကောင်းမွန်သော သတင်းအချက်အလက်များပေးခြင်း

မြန်မာ့လူ့အဖွဲ့အစည်းသည်   BRI ကို ကောင်းကောင်း သတိမမူမိကြပဲ တရုတ်နှင့်ပတ်သက်သူ သို့မဟုတ် မူဝါဒပိုင်း ဆိုင်ရာ သုသေသနတွင် ပါဝင်သည့် အထက်တန်းလွှာများနှင့် အစိုးရအရာရှိများသာ စီမံကိန်းဆိုင်ရာ အကြောင်းအရာ များကို သိကြသည်ဟု တရုတ်ပညာရှင်တစ်ဦးက ထောက်ပြထားသည်။

BRI ဆိုင်ရာ အချက်အလက်များကို အင်တာနက်ပေါ်တွင် ဖတ်ရှုနိုင်ပြီး မျက်ခြေပြတ်နေသည်တော့ မဟုတ်ချေ။ သို့သော် စီမံကိန်းတွင် မြန်မာ ပါဝင်ပက်သက်မှုကိုမူ ပို၍ အလေးထားရန် လိုသည်။ စီမံကိန်းနှင့် သဘောတူညီမှု အသေးစိတ်များကို အများသိအောင် ထုတ်ပြန်ခြင်း မပြုသလို မူဝါဒနှင့်သုသေသန အဖွဲ့အစည်းများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခြင်း လည်း မရှိပေ။

တရုတ်နှင့်မြန်မာ တာဝန်ရှိသူများ၏ BRI အကြောင်း ဆွေးနွေးမှုကို နိုင်ငံပိုင် သတင်းစာများက ဖော်ပြသော်လည်း အသေး စိတ်ကိုမူ အများအားဖြင့် ထုတ်ပြန်လေ့ မရှိပေ။ BRI စီမံကိန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ထိပ်ပိုင်း ခေါင်းဆောင်များသာ လုပ်ကြပြီး အလယ်အလတ်နှင့် အောက်ခြေဝန်ထမ်းများ မပါဝင်ကြပေ။ ဤအခြေအနေကို သိသိသာသာ ပြောင်းလဲရမည်။

တာဝန်ရှိသူများသာမကဘဲ ကျွမ်းကျင်ပညာရှင်များ၊ သုတေသနပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူ လူထုကိုပါ အသိပေးရန် လိုအပ်ပြီး လိုအပ်ချက်ရှိသည့် နေရာများနှင့် အကောင်းအဆိုး သက်ရောက်နိုင်သည့် နယ်ပယ် များကိုလည်း တိုင်ပင် ဆွေးနွေးသင့်သည်။

CMEC နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့အပေါ် တရုတ်တို့ လက်ကိုင်ထားသော စီးပွားရေးနှင့်နည်းဗျူဟာဆိုင်ရာ အရေးကြီးမှုများကို ပိုမိုသိလျှင် တရုတ်နိုင်ငံ အနောက်ပိုင်း စီးပွားရေး တိုးတက်နေသော ကုန်းတွင်းပိုင်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများမှ မြန်မာနိုင်ငံအနေဖြင့် မည်သို့ အကျိုးအမြတ် ရနိုင်မည်ဆိုသည်ကို ခွဲခြား သတ်မှတ် နိုင်လိမ့်မည်။

CMEC အကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်ခြင်း

လာမည့်နှစ်များတွင် BRI စီမံကိန်း၌ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်စေရန်အတွက် CMEC အစီအစဉ်ကို အရှိန်မြှင့်လာနိုင်သည့် လုပ်ဆောင်ချက်များနှင့် နည်းလမ်းများစွာ ရှိသည်။

(၁) မြစ်ဆုံဆည် စီမံကိန်းနေရာတွင် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ (CMEC) ကို အစားထိုးမည်ဟု တရားဝင် ကြေညာ ချက်နှင့်အတူ နိုင်ငံရေးအရရော လက်တွေ့အရပါ စတင်လုပ်ဆောင်မည်။

(၂) မြန်မာနိုင်ငံသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဆက်စပ်ပြီး အခြေခံ အဆောက်အအုံများ အဆင့်မြင့်တင်ရန် လိုအပ်သော ငွေကြေးရနိုင်ရေးအတွက် တရုတ်တို့၏ CMEC အစီအစဉ် ကြိုက်နှစ် သက်မှုအပေါ် အသုံးချနိုင်သည်။ CMEC သည် မြန်မာ့ BRI စီမံကိန်းတွင် အဓိက အစိတ်အပိုင်း ဖြစ်လာသည်။

(၃) ပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေးနှင့် အကျင့်ပျက် ခြစားမှုဆိုင်ရာ အန္တရာယ်များနှင့်စပ်လျဉ်းပြီး အခြေခံ အဆောက် အအုံဆိုင်ရာ စီမံကိန်းကိစ္စများအပေါ် ဆွေးနွေး ငြင်းခုံမှု အများအပြား ရှိလာမည်။ အဆိုပါ အန္တရာယ်များနှင့် တခြား နိုင်ငံများမှ ရရှိသည့် သင်ခန်းစာနှင့် အကြံအစည် စိတ်ကူးများကို BRI စီမံကိန်း ဆွေးနွေးရာတွင် ထည့်သွင်း စဉ်းစား သင့်သည်။

(၄) စီမံကိန်း တည်ဆောက်ရာတွင် ယုံကြည်မှု ပြန်လည် တည်ဆောက်ရန်အတွက် ပွင့်လင်းမြင်သာမှု ပိုရှိရန်လည်း လို အပ်သည်။ တာဝန်ရှိသူများ အားလုံး၊ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်သူများအား BRI တွင် မြန်မာ ပါဝင် ဆောင်ရွက်မှု အသေးစိတ်ကို အဆက်မပြတ် အသိပေးရမည်။ စီမံကိန်းကို တိကျစွာ ပုံဖော်ခြင်းနှင့် အကောင်အထည် ဖော်ခြင်းများတွင် ၎င်းတို့၏ အမြင်များကို ထည့်သွင်း စဉ်းစားရမည်။

(၅) CMEC စီမံကိန်း ဆောင်ရွက်နေမှု အပိုင်းများသည် တိုင်းရင်းသား လူနည်းစုဒေသများကို ဖြတ်သန်းသွားသည့်အတွက် စီမံကိန်းကြောင့် တိုင်းရင်းသားများ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား မသက်ရောက်စေရန် ဥပဒေ ပြဋ္ဌာန်း ရန် လိုအပ်သည်။

၂၀၁၅ ခုနှစ် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်သည့် ဥပဒေရှိပြီးသား ဖြစ်သည်။

အဆိုပါ ဥပဒေ၏ အပိုဒ်ခွဲ ၅ တွင် တိုင်းရင်းသားများ အနေဖြင့် ၎င်းတို့ ဒေသအတွင်းတွင် လုပ်ဆောင်သည့် စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည့်စုံတိကျသော အချက်အလက်များကို ရရှိသင့်သည်။သို့မှသာ အစိုးရ၊ စီမံကိန်း လုပ် ဆောင် သူများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆွေးနွေးနိုင်မည် ဖြစ်သည်ဟု ပါရှိသည်။ ထိုပြဋ္ဌာန်း ချက်ကို အကောင်အထည် မဖော်ရသေးသော်လည်း လုပ်ဆောင်သင့်ပေသည်။

(၆) ဥရောပသမဂ္ဂသည် စက်မှုကုမ္ပဏီများကို အထူးရည်ရွယ်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို အတူတကွ ပြုပြင် ပြောင်းလဲခြင်းဖြင့် တရုတ်တို့နှင့် ပို၍တရားမျှတသော ကုန်သွယ်ရေး သဘောတူညီချက်လုပ်ရန် အလေးအနက်ထားသည်။

အလားတူပင် မြန်မာ့စီးပွားရေးနှင့် စက်မှုလုပ်ငန်းများသည် တရုတ်သွင်းကုန်တို့၏ ကုန်ပစ္စည်း သတ်မှတ်တန်ဖိုး များပြား မှုကို ရင်ဆိုင်နေရသောကြောင့် ပို၍ မျှတသော ကုန်သွယ်မှု သဘောတူညီချက် တည်ဆောက်ရေး ဆွေးနွေး ညှိနှိုင်းရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဆင့်တွင် ရှိနေသောကြောင့် ရင်ဆိုင်နေရသော ပြဿနာများ ကို ကူညီဖြေရှင်းပေးနိုင်မည့် ဖွံ့ဖြိုးမှုအနည်းဆုံးဆိုင်ရာ WTO ဆပ်ကော်မတီကို ချဉ်းကပ်၍ ရနိုင်လောက်သည်။

(၇) CMEC အတွက် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကို တွက်ချက်ရန်လည်း အရေးကြီးသလို မည်သူက အမြတ်ထွက်ပြီး မည်သူက ကုန်ကျမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း အတည်ပြုသင့်သည်။ အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ မီဒီယာ၏ ပံ့ပိုးမှုဖြင့် ပညာရှင်များက ဆွေးနွေးငြင်းခုံပွဲများ ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း အစိုးရ မီဒီယာများသည် ပြီးခဲ့သည့်နှစ်များက CMEC လိုမျိုး ကြီးမား ရှုပ်ထွေးသည့် စီမံကိန်း အချက် အလက်များကို ပြည်သူထံ သတင်းပေးချင်သည့် စုံစမ်းထောက်လှမ်းဖော်ထုတ်သည့် မီဒီယာကြီးထွားမှုကို အနှောင့် အယှက် ပြုကောင်းပြုနိုင် ပေသည်။ CMEC စီမံကိန်း အဆင်ပြေ ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရန်နှင့် မြန်မာ ပြည်သူများကို ဓမ္မဓိဋ္ဌာန်ကျသည့် အတွေးအခေါ် အချက်အလက်များ ပေးနိုင်ရန် သတင်းထောက်များကို လွတ်လပ်စွာ ရေးသားခွင့် ပေးလာနိုင်မည်ဟု မျှော်လင့်ရသည်။

(၈) ပိုးလမ်းမသစ် စီမံကိန်းထဲတွင် ရှေးယခင် ပိုးလမ်းမ အစီအစဉ်ဟောင်းမှ အခြေခံ သဘောတရားများလည်း ပါဝင်နေပြီး  လက်ရှိ အခြေအနေထိ ကိုက်ညီမှုရှိနေနိုင်သည်။ ရှေးခေတ် ပိုးလမ်းမဟောင်းသည် သီးခြား လူမျိုးစုများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ နေထိုင်သော မိုင်ထောင်ချီသည့် မြေပိုင်နက်တစ်လျှောက် ကုန်သွယ်မှု ပြုလုပ်ကြခြင်း ဖြစ်သည်။

ထူးခြားပြောင်မြောက်သည့် အောင်မြင်မှု တစ်ရပ်ပင် ဖြစ်သည်။ရှေးခေတ် စီးပွားရေးသမားများ၏ စွန့်ဦးတီထွင်သည့် စိတ်ဓာတ်ကြောင့် ခက်ခဲသည့် ကိစ္စရပ်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းတို့သည် လုပ်ငန်းသစ်၊ နယ်ပယ်သစ်များသို့ ဝင်ရောက်ခြင်း၊ စွန့်စားလိုသည့် စိတ်ဆန္ဒရှိခြင်းနှင့် ပိုးလမ်းမ တစ်လျှောက် ကြုံတွေ့ရသည့် ဒေသခံ များနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းများ စွမ်းဆောင်နိုင်ခဲ့သည်။ အတွေ့အကြုံများ၊ ကျွမ်းကျင် မှုများနှင့် စိတ်ကူး အကြံအစည်များကိုလည်း အပြန်အလှန် ဖလှယ်ခဲ့ကြသည်။

လမ်းမကြီးများနှင့်စြင်္ကံများ ဖွံ့ဖြိုးတိုးတက်ရန် အတူအားထုတ် ဆောင်ရွက်ခြင်းနှင့် ယေဘုယျ ပြဿနာများကို ဖြေရှင်းရာ တွင် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် စိတ်ဓာတ်များက ပိုးလမ်းမသစ် ဖြစ်ပေါ်လာရန် အင်အားတစ်ရပ် ဖြစ်ခဲ့သည်။ သို့သော် လည်း ပိုးလမ်းမ အဟောင်းနှင့်အသစ်တွင် သိသာထင်ရှားသော ကွဲပြားခြားနားချက် တစ်ခုရှိသည်။

ပိုးလမ်းမဟောင်းသည် ပုဂ္ဂလိမှ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပိုးလမ်းမသစ်မှာမူ အစိုးရမှ အဓိက ဦးဆောင်ပြီး ပုဂ္ဂလိက ကဏ္ဍ လည်း ပါဝင်သည်။ တရုတ်နှင့်မြန်မာ အစိုးရနှစ်ရပ်လုံးသည် အပြန်အလှန် အကျိုးအမြတ်ရပြီး ပူးပေါင်းမှု မြှင့်တင်နိုင်ရေး BRI စီမံကိန်းကို လုပ်ဆောင်ရန် တရားဝင် ကတိကဝတ်များ ပြုခဲ့ကြသည်။

(၉) ၂၀၁၉ ခုနှစ်၊ မေလတွင် BRI စီမံကိန်းနှင့်ပတ်သက်ပြီး တရုတ်နှင့်ဆွေးနွေးမည့် သတ်မှတ်ချက်များကို ချမှတ်ခဲ့သည်။ ၎င်းသတ်မှတ်ချက်များတွင် မြန်မာနိုင်ငံကို အောက်ပါအချက်များအား ခွင့်ပြုစေမည့် ပြဋ္ဌာန်းချက်များ ပါရှိသည်။

(က) စီမံကိန်းများ အကောင်အထည်ဖော်ရန် နိုင်ငံတကာနှင့်ငွေကြေး အဖွဲ့အစည်းများမှ ဘဏ္ဍာငွေရယူခြင်း

(ခ) စီမံကိန်းများတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပါရှိစေရန် နိုင်ငံတကာမှ တင်ဒါဖိတ်ခေါ်ခြင်းနှင့်

(ဂ) နှစ်ဖက်စလုံးအတွက် အပြန်အလှန် အကျိုးဖြစ်မည့် စီမံကိန်းများကို ရွေးချယ်ခြင်း

အဆိုပါ ပြဋ္ဌာန်းချက်များသည် လက်ရှိ လုပ်ဆောင်နေသော BRI စီမံကိန်းများနှင့်ပတ်သက်ပြီး အထက်တွင် မီးမောင်းထိုး ဖော်ပြခဲ့သည့် အဓိက ပြဿနာများကို ရင်ဆိုင်ရာတွင် အကူအညီ ဖြစ်စေလိမ့်မည်။ ၎င်းအပြင် စီမံကိန်း အကောင် အထည် ဖော်မှုဆိုင်ရာ ဆုံးဖြတ်ချက် ချချိန်တန်လျှင် စီမံကိန်းတစ်ခုစီ၏ အသေးစိတ်များကို ပြည်သူကို အသိပေးမည်ဟု ၂၀၁၉ ခုနှစ်၊ မေလက ပြုလုပ်ခဲ့သော ကတိကဝတ်များသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကို တိုးတက်စေပြီး မြန်မာ ပြည်သူနှင့် တွဲဖက် လုပ်ငန်းရှင်များကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြမည်ဖြစ်သည်။

တန်းတူညီမျှ လုပ်ကိုင်ခြင်းနှင့် အပြန်အလှန် လေးစားခြင်း

ထို့အပြင် မြန်မာနိုင်ငံသည် စိတ်ရှည်ရှည်နှင့် ကြိုးစားဖြေရှင်းရမည့် ရှုပ်ထွေးသည့် နိုင်ငံရေး၊ လူသားချင်းစာနာမှု၊ စီးပွားရေး၊ ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ဖိအားများကို ရင်ဆိုင်နေရသည်။ မြန်မာနှင့် ရှေးနှစ်ပေါင်းများစွာ ကတည်းက ဆက်ဆံလာ သည့် တရုတ်သည် ထိုဖိအားများကို သတိထားမိပြီး မကြာသေး မီနှစ်များအတွင်းက နယ်ပယ် အသီးသီးအတွက် ကူညီ ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

ကမ္ဘာနှင့် ဒေသဆိုင်ရာ စီးပွားရေးရှုထောင့်အရ မသေချာမှုများ ဖြစ်ပေါ်လာခြင်းနှင့်အတူ တရုတ်နှင့်မြန်မာ ဆက်ဆံရေး သည် တန်းတူညီမျှ အတူလုပ်ကိုင်ပြီး အပြန်အလှန် လေးစားသည့် စည်းမျဉ်းစည်းကမ်းများပေါ်တွင် အခြေခံရန် လိုအပ် သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ညီညွတ်ရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို အချိန်ကြာမြင့်စွာ လုပ် ဆောင် နေရချိန်တွင် မြန်မာအနေဖြင့် တရုတ်ကို အလွန်အမင်း အားထားခြင်းနှင့် တရုတ်၏ လွှမ်းမိုးမှုခံရခြင်းမှ ကာကွယ် ရန်  အပြန်အလှန် လေးစားပြီး တန်းတူညီတူ မိတ်ဖက်ပြုကာ ပူးပေါင်းဆောင်ရွက်ရမည်။

တနည်းဆိုသော် BRI စီမံကိန်းမှ အပြန်အလှန် အကျိုးကျေးဇူးများ ရရှိဖို့ရာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလေးထားပြီး ပူးပေါင်း ဆောင်ရွက်ရမည်။ BRI စီမံကိန်းနှင့်ပတ်သက်ပြီး ၂၀၁၉ ခုနှစ်၊မေလတွင် ပြုလုပ်ခဲ့သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောခဲ့ သည့်အတိုင်း မလိုလားအပ်သော ရလဒ်များကို ကြိုတင် ဟန့်တားနိုင်ရန် မြန်မာအစိုးရ အနေဖြင့် သတိရှိရပေမည်။

အမှန်တကယ်တော့ ငြိမ်းချမ်းရေးနှင့် နိုင်ငံကြွယ်ဝရန်အတွက် BRI တစ်ခုတည်းသည် အကြောင်းပြချက်မဟုတ်ပေ။ မြန်မာတို့သည် အလုပ်ဖြစ်နိုင်သော အကြံဉာဏ်ကောင်းများကို စဉ်းစားလျက် စိတ်ကူးအမြင်များကို တက်ကြွစွာ ဖလှယ် ကြပြီး ဆက်လက် ကြိုးစားအားထုတ်ရမည်။ မြန်မာနိုင်ငံသည် လက်ရှိနှင့် အနာဂတ်တွင် ကုလသမဂ္ဂနိုင်ငံများ၊ မြန်မာ့ စီးပွားဖက်နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ဒေသတွင်း အဖွဲ့အစည်းများမှ ကိုယ်ကျင့်တရားနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကူ အညီ အထောက်အပံ့များကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။

နိဂုံး

ပုဂ္ဂလိကကဏ္ဍမှ ဖော်ဆောင်ခဲ့သည့် ပိုးလမ်းမဟောင်းသည် ပိုးလမ်းမသစ် အကောင်အထည်ဖော်ချိန် ရင်ဆိုင် ကြုံတွေ့ရ သည့် စိန်ခေါ်မှုများ၊ အခွင့်အရေးများနှင့် အလွန်အမင်း ဆက်စပ်မှု ရှိနေသေးသော်လည်း နောင်နှစ်ထောင်ပေါင်းများစွာ ကြာလာသည့်အခါ သိသိသာသာ ကွဲပြားခြားနား သွားပေမည် ။ ယခုအချိန်တွင် ပုဂ္ဂလိက ကဏ္ဍအတွက် အစိုးရမှ ဆောင် ရွက် ထောက်ပံ့ပေးရေး၊ ပြည်သူလူထု ကောင်းစားရေးအတွက် ကောင်းမွန်စွာ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ (ပညာ ရေး၊ ပို့ဆောင်ရေး၊ သန့်ရှင်းသောရေ၊ လျှပ်စစ် စသည့်)  ပြည်သူအတွက် လိုအပ်သော ဝန်ဆောင်မှုများ၊ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် တရားမျှတမှုရှိပြီး အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး မူဝါဒများကို တိတိကျကျ ပုံဖော် အကောင်အထည် ဖော်ခြင်းများ လိုအပ်သည်။

အဆိုပါ အချက်များသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထိရောက်သော ပတ်ဝန်းကျင်ကို ဖြစ်စေလိမ့်မည်။

တရုတ်နှင့်မြန်မာ အစိုးရသည် ပုဂ္ဂလိက ကဏ္ဍများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတို့အတွက် အတူ ပူးပေါင်း လုပ်ဆောင်ရန်၊ ကျွမ်းကျင်မှုနှင့်အသိပညာများ ဝေမျှရန်နှင့် ဆက်သွယ်မှု တိုးမြှင့်ရန် ထိရောက်သည့် ပတ်ဝန်း ကျင် အခြေအနေတစ်ခု တည်ဆောက်နိုင်ရေးအတွက် အားထုတ် ဆောင်ရွက်နေသည်ဟု မျှော်လင့်ရပြီး အဆိုပါ အား ထုတ်မှုများသည် လာမည့် ဆယ်စုနှစ်အလွန်တွင်  BRI ၏ မူဘောင်အောက်၌ မြန်မာနိုင်ငံကို လက်ရှိ ရပ်တန့် နေသည့် အခြေအနေမှ လျင်မြန်စွာ ရှေ့တက်လှမ်းနိုင်အောင် ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်သည်။

A Myanmar economist’s view on the Belt and Road and Myanmar’s experience with China
Ref :MIzzima Weekly Issue 49, Vol. 8, December 5, 2019
U Myint with a Ph.D. from University of California, Berkeley, has held the posts of Lecturer at Institutes of Economics and of Education in Yangon; Chief of the Economic Division, Myanmar Ministry of Foreign Affairs; Senior Economist at the United Nations; and Chief Economic Advisor to former President U Thein Sein. At present, U Myint is a Director at the Tun Commercial Bank and Economic Advisor to the Union of Myanmar Federation of Chambers of Commerce and Industry.

Mizzima Weekly