နယူးဇီလန်ကျွန်းဖြူမီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများ ပြန်သယ်

နယူးဇီလန်ကျွန်းဖြူမီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများ ပြန်သယ်

ဒီဇင်ဘာ ၁၃ ။        ။ နယူးဇီလန်နိုင်ငံ ကျွန်းဖြူ(White Island)ပေါ်တွင် မီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများအနက်မှ  ရုပ်အလောင်း ၆ လောင်းကို ယနေ့(ဒီဇင်ဘာ ၁၃ ရက်နေ့)တွင် စစ်ရဟတ်ယာဉ်များဖြင့် ပြန်လည်သယ်ဆောင် ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က အဆိုပါကျွန်းတွင် ခရီးသွားဧည့်သည်များ ရောက်ရှိနေချိန် မီးတောင်ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး လူ ၁၆ ယောက်သေဆုံးခဲ့ကာ ဒါဇင်ကျော်ခန့် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ကယ်ဆယ်ရေး မစတင်မီ  ဒရုန်းလေယာဉ်များ၏ အကူအညီဖြင့် ရုပ်အလောင်းများ၏ တည်နေရာများကို ရှာဖွေ နိုင်ခဲ့ကြပြီး အဖွဲ့ဝင် ၈ ဦးပါသော ကယ်ဆယ်ရေးတပ်ဖွဲ့သည် မီးတောင် ထပ်မံပေါက်ကွဲနိုင်သည့် အန္တရာယ် များကြားမှ သက်စွန့်ဆံဖျား လုပ်ဆောင်ခဲ့ကြရပြီး ပေါက်ကွဲပစ္စည်း ရှင်းလင်းရေးတပ်ဖွဲ့များအနေဖြင့် ကျွန်းပေါ် တွင် ကျန်ရှိနေသည့် ရုပ်အလောင်း ၈ လောင်းကိုလည်း တူးဖော်သွားမည်ဖြစ်သည်။

ကျွန်းဖြူမီးတောင်သည် နယူးဇီလန်ရှိ အလှုပ်ရှားဆုံး မီးတောင်များအနက်မှ တစ်ခုဖြစ်ပြီး လှိုင်းကြမ်းသည့် ပင်လယ်ပြင်ထဲ ရုပ်အလောင်းများ မျောပါသွားမှုကိုလည်း မြင်တွေ့လိုက်ရသောကြောင့် နောက်ထပ် ရုပ် အလောင်း နှစ်လောင်းကို အနီးရှိ ရေပိုင်နက်ထဲတွင် တပ်ဖြန့် ရှာဖွေလျက်ရှိသည်။

ပေါက်ကွဲပစ္စည်း ရှင်းလင်းရေးတပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်သည့်အတွက် ထူးခြားသည့် ကယ်ဆယ်ရေးတစ်ခု ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးတပ်ဖွဲ့အတွက် အထူးပင် ဂုဏ်ယူမိကြောင်း အထူးတပ်ဖွဲ့မှ တပ်မှူး ရိုင်ရန်မက်ကင် စထရီက ပြောသည်။

မီးတောင်ဆိုင်ရာ ဘူမိဗေဒပညာရှင်များကလည်း ပေါက်ကွဲနိုင်မှု အလားအလာကို စောင့်ကြည့်လျက်ရှိပြီး ရုပ် အလောင်းအများစုကို ကမ်းလွန်တွင် ကျောက်ချရပ်ထားသည့် စစ်သင်္ဘောဆီ ရဟတ်ယာဉ်များဖြင့် ပို့ဆောင် ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly