မိုးလေဝသအစွန်းရောက်မှုများကြောင့် ပြောင်းလဲမှုမခံနိုင်သော ကဏ္ဍများ ဂရုစိုက်ရန်လို

မိုးလေဝသအစွန်းရောက်မှုများကြောင့် ပြောင်းလဲမှုမခံနိုင်သော ကဏ္ဍများ ဂရုစိုက်ရန်လို
ဓာတ်ပုံ - မိုး/ဇလ

ဒီဇင်ဘာ ၁၃ ။         ။ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲများကြောင့် ဒေသအတွင်း အယ်လ်နီညို၊ လာနီညာဖြစ်စဉ်များအား အလှည့်ကျဖြစ်ပေါ်ကာ ရာသီဥတုကမောက်ကမဖြစ်စဉ်များနှင့် ရာသီဥတုအစွန်းရောက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် ပြောင်းလဲမှုမခံနိုင်သော ကဏ္ဍများတွင် ဂရုစိုက်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ အထက်မြန်မာပြည်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကပြောသည်။

ပြောင်းလဲမှုဒဏ်မခံနိုင်သော ကဏ္ဍများမှာ စိုက်ပျိုးရေးကဏ္ဍ၊ ရေသယံဇာတကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တို့ဖြစ် သည်။

`` ရာသီဥတုဘေးဒဏ်လုံးဝမခံနိုင်တဲ့ကဏ္ဍတွေရှိတယ်၊ စိုက်ပျိုးရေးကဏ္ဍ၊ ရေသယံဇာတကဏ္ဍနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ သက်ရောက်မှု အနည်းနဲ့အများတော့ရှိတယ်၊ ရာသီဥတုအစွန်းရောက်မှုတွေကလည်း အဖြစ်များ လာကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်အောင် ရာသီဥတုဆိုင်ရာသုံးသပ်ချက်၊ ခန့်မှန်းချက်တွေနဲ့ ဗဟုသုတတွေကို အသုံး ချဖို့လိုအပ်တယ်၊``ဟု ၎င်းက ပြောသည်။

ရာသီဥတုအစွန်းရောက်မှုများကြောင့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း၊ လေပြင်းများတိုက်ခိုက်ခြင်း၊ ရာသီဥတု သိသိသာသာပူးပြင်းခြောက်သွေ့လာခြင်းနှင့် အခြားသော ပြောင်းလဲမှုများဖြစ်ပေါ်တတ်ခြင်းကြောင့် ရာသီဥတု စောင့်ကြည့်သည့်အဖွဲ့အစည်းများ၊ မိုး၊ဇလမှ ထုတ်ပြန်သော သုံးသပ်ခြင်းများကို ဂရုပြုအလေးထားရန်လိုအပ် လာပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မိုး/ဇလ

`` ကမ္ဘာမိုးလေဝသနဲ့ တစ်ကမ္ဘာလုံးက ရာသီဥတုနဲ့ပတ်သက်ပြီး ဂရုစိုက်လာကြပြီ ကြိုတင်ပြင်ဆင်ဖို့အတွက် လည်း နယ်ပယ်ပေါင်းစုံကနေ အများကြီးအလေးထားဆောင်ရွက်နေကြပြီဖြစ်တယ်၊ မြန်မာနိုင်ငံမှာလည်း နှစ်စဉ် မုတ်သုံဖိုရမ်တွေကျင်းပပြီး သုံးသပ်ချက်တွေ၊ ဆွေးနွေးမှုတွေကိုလည်းလုပ်ဆောင်နေပါတယ်၊``ဟု ညွှန်ကြား ရေးမှူးက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် အအေးဆုံးဒေသများအဖြစ် ရှမ်းပြည်နယ်ဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ုပိုင်းတွင် ဒီဇင်ဘာ ၁၀ရက် နေ့က ပျမ်းမျှအပူချိန် အောက် ၉ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကယားပြည်နယ်တို့တွင် ၇ဒီဂရီစင် တီဂရိတ်အထိ အပူချိန်ကျဆင်းခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် ထားပြီး ကျန်ဒေသများတွင်လည်း ဆက်လက်အအေးပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ နယ်မြေတို့တွင် အအေးပိုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိမန္တလေးမြို့တွင် နှစ်စဉ်တွင် ဒီဇင်ဘာ ပထမသီတင်းပတ်တွင် သိသိသာသာအအေးပိုလေ့မရှိသော်လည်း ယခုနှစ်တွင် အအေးပိုလာပြီး ဒီဇင်ဘာ ၁၀ရက်နေ့တွင် ညအပူချိန်အဖြစ် ၁၅ဒဿမ၅ စင်တီဂရိတ်အအေးပိုလာ ကြောင်းသိရသည်။ ဆက်လက်၍လည်း အအေးပိုနိုင်မည့်အခြေအနေရှိကာ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း များလည်းဖြစ်ပေါ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly