နိုင်ဂျာစစ်တပ်စခန်းအား ဂျီဟတ်ရာပေါင်းများစွာ လာရောက်တိုက်ခိုက်၍ စစ်သား ၇၁ ဦး ကျဆုံး

နိုင်ဂျာစစ်တပ်စခန်းအား ဂျီဟတ်ရာပေါင်းများစွာ လာရောက်တိုက်ခိုက်၍ စစ်သား ၇၁ ဦး ကျဆုံး

ဒီဇင်ဘာ ၁၂။        ။ မာလီနိုင်ငံ၏ နယ်စပ်အနီးတွင် ရှိသော နိုင်ဂျာစစ်တပ်စခန်းတစ်ခုအား ဂျီဟတ်ဝါဒီ ရာပေါင်းများစွာက အမြောက်များ၊ မော်တာကျည်များဖြင့် လာရောက်တိုက်ခိုက်ရာ စစ်သား ၇၁ ဦး ကျဆုံးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်၌ ထုတ်ပြန်သည်။

အနောက်ပိုင်း တဲလာဘာရီဒေသ အီနာတက်အရပ်တွင် ဒီဇင်ဘာ ၁၀ ရက်က ထိုသို့ တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး နိုင်ငံအတွင်း ၂၀၁၅ ခုနှစ်က အစ္စလာမ္မစ်စစ်သွေးကြွများ၏ ပုန်ကန်မှု ပေါ်ပေါက်ပြီးနောက်ပိုင်း အသေအဆုံး အများဆုံးသော တိုက်ခိုက်မှုပဲ ဖြစ်သည်။

“ဝမ်းနည်းစွာပဲ ကျွန်တော်တို့ရဲ့ စစ်သား ၇၁ ဦး ကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရပါတယ်။ ကျန်သူတွေ ပျောက်ဆုံးနေဆဲပါ။”ဟု စစ်တပ်၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့သည်။

လက်နက်ကြီးများစွာဖြင့် ခန့်မှန်း ရာပေါင်းများစွာရှိသော အကြမ်းဖက်သမားများက ယင်းတိုက်ခိုက်မှုကို သာလွန်အင်အားဖြင့် ဆင်နွဲလာခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။
ရန်သူများဖက်က စစ်ယာဉ်များပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကာ တိုက်ပွဲသည် သုံးနာရီအထိ ကြာမြင့်သည်။

“အကြမ်းဖက်သမားတွေက အမြောက်တွေ၊ မော်တာကျည်တွေနဲ့ တရစပ် ပစ်ခတ်တာ ဖြစ်တယ်။ စစ်စခန်းထဲက လက်နက်သိုက်နဲ့ လောင်စာသိုလှောင်ရုံ  ပေါက်ကွဲတာကြောင့် ကျဆုံးသူ ပိုများခဲ့ရတာလည်း ဖြစ်တယ်။”ဟု အဆိုပါ ရုပ်သံကြေညာချက်က ဖော်ပြခဲ့သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly