ဆင်းရဲချို့တဲ့သူများအတွက် ဗာတီကန်သို့ လှူဒါန်းငွေများ၏ ဆယ်ရာခိုင်နှုန်းသာ မရှိနွမ်းပါးသူများထံ ရောက်ရှိ

ဆင်းရဲချို့တဲ့သူများအတွက် ဗာတီကန်သို့ လှူဒါန်းငွေများ၏ ဆယ်ရာခိုင်နှုန်းသာ မရှိနွမ်းပါးသူများထံ ရောက်ရှိ

ဒီဇင်ဘာ ၁၂။           ။ ဗာတီကန်တွင် ဆင်းရဲချို့တဲ့သူများကို ကူညီရန်အတွက် ရည်ရွယ်သည့်  ရိုမန်ကက်သလစ်များ၏ လှူဒါန်းငွေ များ အနက်မှ ၁၀ ရာခိုင်နှုန်းခန့်သာ  မရှိဆင်းရဲသားများထံ ရောက်ကြောင်း သတင်းတစ် ရပ်တွင် ဖော်ပြထား သည်။

Peter’s Pence ဟု ခေါ်သည့် ပုပ်ရဟန်းမင်းကြီး၏ နှစ်စဉ် ကုသိုလ်ဖြစ် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅၅ သန်းထဲမှ သုံးပုံနှစ်ပုံခန့်ကို ဗာတီကန်၏ အုပ်ချုပ်ရေးဆိုင်ရာ ဘတ်ဂျက်လိုငွေအတွက် အသုံးပြုခဲ့သည်ဟု Wall Street Journal တွင် ဖော်ပြခဲ့သည်။

လှူဒါန်းငွေများကို ယခုကဲ့သို့ အသုံးပြုခြင်းနှင့်ပတ်သက်ပြီး သစ္စာခံများ လှည့်စားခံနေရသည်ကို ကက်သလစ် ခေါင်းဆောင်များအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။  ထိုအချက်သည် ပုပ်ရဟန်းမင်းကြီး လက်ထက် ဗာတီကန်၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုအပေါ် ယုံကြည်မှု ထိခိုက်နိုင်မည်ဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ ဗာတီကန် သာသနာပြုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ထိုသို့ ရေးသားချက်ကို တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ ဘုရားကျောင်းဥပဒေအရ ပုပ်ရဟန်းမင်းကြီးသည် Peter’s Pence လှူဒါန်းငွေများကို ၎င်း၏ ဘုန်းတော်ကြီးများအတွက် သုံးနိုင်ကြောင်း ဆောင်းပါးတွင် ထည့်သွင်းရေးထားသည်။

လှူဒါန်းငွေ အသုံးပြုမှုဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှု ရှိသူများ၏အဆိုအရ Peter’s Pence ဘဏ္ဍာငွေများသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် စတင် တာဝန်ထမ်းဆောင်သည့် ၂၀၁၃ ခုနှစ်ကစပြီး အမေရိကန်ဒေါ်လာ ၇၇၅ သန်းမှ ၆၆၅ သန်းအထိ လျော့နည်းသွားကြောင်း သိရသည်။

Peter’s Pence အလှူငွေသည် နှစ်စဉ် ဇွန်လတိုင်း ရိုမန်ကက်သလစ်ဝင်များထံမှ ကောက်ခံခြင်းဖြစ်သည်။

အသင်းတော်ဝင်များအနေဖြင့် အဆိုပါထည့်ဝင် လှူဒါန်းငွေများကို ခရစ်ယာန်အသင်းဝင်ရန် စည်းရုံးရာတွင် အသုံးပြုရန်နှင့် ဆင်းရဲချို့တဲ့သူများကို ဖြစ်နိုင်သည့်နည်းဖြင့် ကူညီရန် သုံးရမည်ဖြစ်ကြောင်း ရေးသားထား သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly