မူလတန်းပြဆရာမတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်တွင် တရားခံအား အမြန်ဆုံးဖမ်းဆီးပေးရန် ချင်းအရပ်ဘက်အဖွဲ့ အစည်းများ တောင်းဆို

မူလတန်းပြဆရာမတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်တွင် တရားခံအား အမြန်ဆုံးဖမ်းဆီးပေးရန် ချင်းအရပ်ဘက်အဖွဲ့ အစည်းများ တောင်းဆို
ဓာတ်ပုံ - ဆုမြတ်မေဇော်

ဒီဇင်ဘာ၁၂၊ ရန်ကုန်။            ။ ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်အတွင်း တွီးဗျာလ်ဆန်ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ(၁၇)ရက်နေ့က ချင်းတိုင်းရင်းသူ၊ မူလတန်းပြဆရာမတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်အမှုကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်  ချင်းပြည်နယ်ရှိ အရပ်ဘက်အဖွဲ့ အစည်းများက တောင်းဆိုခဲ့ကြသည်။

ဆရာမ လျာဒိမ်လွန်မန်ဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှ  တရားမဝင် ဝင်ရောက်လာသည့် ကသည်းလက်နက်ကိုင်များ လက်ချက်ဖြင့် သတ်ဖြတ်ခံခဲ့ရသည့် ဒုတိယမြောက် ဒေသခံတစ်ဦး ဖြစ်သည်ဟု ဇိုးမီး လူငယ်အသင်းမှ မုံလန်ထန်က ပြောသည်။

“ကျွန်တော်တို့နိုင်ငံထဲမှာပဲ ကျူးလွန်ခဲ့တဲ့အမှုဖြစ်တာကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ဥပဒေအတိုင်းပဲ ဆောင်ရွက်ပေးပါ၊ ဒီလူသတ်တရားခံရဲ့ အဖွဲ့အစည်းဟာလည်း မြန်မာနိုင်ငံအတွင်းမှာရှိရင် မြန်မာနိုင်ငံရဲ့ဥပဒေကို လိုက်နာသင့်ပါတယ်၊ ဖမ်းမိမယ်တော့ မထင်ပေမယ့် နယ်စပ်ရဲ့တောထဲမှာ ခိုနေမှာပါ”ဟု ဇိုးမီး လူငယ်အသင်းမှ အတွင်းရေးမှူး မုံလန်ထန်က ပြောသည်။

အစိုးရ၏အုပ်ချုပ်မှုအောက်တွင်ရှိနေသည့် တွန်းဇံမြို့နှင့် အခြားမြို့နယ်များတွင် ကသည်းလက်နက်ကိုင်အဖွဲ့တွေ တပ်စွဲနေခြင်းနှင့် နောင်တစ်ချိန်တွင် ရခိုင်မြောက်ပိုင်း ဘင်္ဂါလီပြဿနာကဲ့သို့  တရားမဝင် လူဝင်မှုပြဿနာကြောင့် တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ကို ချင်းလူမျိုးများက စိုးရိမ်နေကြကြောင်း သိရသည်။

“အခုဆို သူတို့တွေက ရန်ကုန်မှာလည်း ရှိနေပြီ၊ မူဆယ်မှာလည်း ရှိနေပြီ သူတို့ကို ဘယ်သူက မှတ်ပုံတင်ထုတ်ပေးလဲဆိုတာ တာဝန်ရှိ ပြည်သူတစ်ယောက်အနေနဲ့ မေးခွန်းထုတ်ချင်ပါတယ်”ဟု ဇိုးမီး ကျောင်းသားနှင့် လူငယ်အဖွဲ့အစည်းမှ တာဝန်ခံ ပေါင်ကိမ်းတွောင်က ဆိုသည်။အဆိုပါကိစ္စကြောင့် ဒီဇင်ဘာ(၁)ရက်ကလည်း တီးတိန်မြို့နယ်တွင် ချင်းပြည်နယ်ရှိ ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တရားခံကို အမြန်ဆုံးဖမ်းမိနိုင်ဖို့ မြန်မာ့တပ်မတော်နှင့် အိန္ဒိယရဲတပ်ဖွဲ့ကို အကူအညီတောင်းထားကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်ထန်က မဇ္စျိမသို့ ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

“ဆရာမအတွက်လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ ထောက်ပံ့ငွေ(၆၆)သိန်း ပေးအပ်ခဲ့ပါတယ်။အရမ်းခက်ပါတယ်၊ တရားခံမိမှပဲ အဆင်ပြေတယ်၊ သွားစောင့်ဖမ်းရင်လည်း ဘာသက်သေမှလည်းမရှိဘူး၊ သူ့မိန်းမဆီမှာ အလကားသွားနေသလိုပဲ ဖြစ်နေမယ်၊ နယ်စပ်တွေရဲ့ ပြဿနာက အဲ့ဒါပါပဲ” ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီးက ပြောသည်။

နိုဝင်ဘာလ (၁၇) ရက်နေ့ ည(၉)နာရီ မိနစ်(၃၀)ခန့်က ချင်းတိုင်းရင်းသူ မူလတန်းပြဆရာမ လျာဒိန်လွန်မန်အား သူမ၏နေအိမ်ရှေ့တွင် အိန္ဒိယ မဏိပူရ်ပြည်နယ်သား ဘိနော်ဆိုသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဆရာမအပေါ် မဟုတ်မမှန် ပြောဆိုမှုများ၊ မတရား ပြောဆိုမှုများ ရှိခဲ့သောကြောင့် ဒီဇင်ဘာလ(၁၂)ရက်နေ့က ရန်ကုန်မြို့၊ Orchid Hotel တွင် ချင်းပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly