ICJ တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းမှုသည် ၂၀၂၀ ရွေးကောက်ပွဲ မဲရရှိရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း NLD တုံ့ပြန်

ICJ တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းမှုသည် ၂၀၂၀ ရွေးကောက်ပွဲ မဲရရှိရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း NLD တုံ့ပြန်
ဓာတ်ပုံ- အီးပီအေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ။             ။ နယ်သာလန် သည်ဟိဂ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး အမှုရင်ဆိုင် ဖြေရှင်း နေခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရရှိရေးအတွက် ရည်ရွယ် လုပ်ဆောင်နေခြင်း မဟုတ်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်က ပြောသည်။

ဂမ်ဘီယာနိုင်ငံက OIC နိုင်ငံများကိုယ်စား မြန်မာနိုင်ငံကို လူမျိူးတုံး သတ်ဖြတ်မှုနှင့် နယ်သာလန်နိုင်ငံရှိ အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)မှာ တရားစွဲဆိုထားပါသည်။ ဒီတရားစွဲဆိုမှုကြောင့် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ရင်ဆိုင် ဖြေရှင်းလျက်ရှိသည်။

ဒေါက်တာမျိုးညွှန့်က “ကျွန်တော်တို့က ဘယ်အလုပ်ကိုမဆို အထူးသဖြင့် နိုင်ငံနဲ့လူမျိုးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ နိုင်ငံရေး အကျိုးအမြတ်ရဖို့ ဘယ်တော့မှ ရည်ရွယ်ပြီး မလုပ်ပါဘူး။ ကျွန်တော်တို့က နိုင်ငံရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းတယ်။ ဒါကြောင့် နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ်ကလည်း ဒုတိယ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် တာဝန်ယူ ဖြေရှင်းတာပဲ ရှိပါတယ်။ နောက်ဆက်တွဲ အကျိုးတရားတွေကတော့ ဒါတွေက သဘာဝ တရားအလျှောက် ပေါ်လာတွေပါ။ ကျွန်တော်တု့ိ ရည်ရွယ်ထားခြင်း မရှိပါ ဘူး ”ဟု ပြောသည်။

ICJ မှာ သွားရောက် ရင်ဆိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် ထောက်ခံပွဲများသည် မြန်မာနိုင်ငံရှိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့် တိုင်းနှင့်ပြည်နယ်များမှာ ဒီဇင်ဘာ ၁၀ ရက်က စတင်ကာ ပြုလုပ်လျက်ရှိနေ ကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “မဲရဖို့အတွက် လုပ်တယ်လို့ပြောတာက တော်တော် အမြင်ကျဉ်းတဲ့ နိုင်ငံရေးသမားတချို့က ပြောတာဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြိုတင်ပြင်ဆင်ထားတာလည်း မဟုတ်ဘူးလေ။ ရုတ်တရက် ပေါ်ပေါက် လာတဲ့ကိစ္စပါ။ ရုတ်တရက် ပေါ်ပေါက်လာတဲ့ကိစ္စမှာ သူက သူ့ရဲ့ နိုင်ငံတော်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြောင်း ဖော်ပြလိုက်တဲ့အခါမှာ ပြည်သူ လူထုကလည်း တော်တော့်ကို နှစ်ထောင်းအားရ ဝိုင်းပြီး ကြိုဆို ထောက်ခံကြတာပေါ့ဗျာ။ အဲဒီကိစ္စအပေါ်မှာဘာမှ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာမှပြောစရာမလိုပါဘူး။ ၂၀၂၀ ရွေး ကောက်ပွဲလည်း မဟုတ်ပါဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ ကို သွားရောက် ဖြေရှင်းသည့်အတွက်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ကောင်းမွန်သည့် အခင်းအကျင်း တစ်ခုရှိလာနိုင်ကြောင်း မျှော်လင့်သည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုံး သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ICJ မှာ ပထမဆုံးအကြိမ် တရားစွဲခံရခြင်းဖြစ်ကာ နိုင်ငံ၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးအနေဖြင့် စွပ်စွဲချက်များကို သွားရောက် ဖြေရှင်းခြင်းကလည်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly