နှလုံးကျန်းမာချင်သူတွေအတွက် နည်းလမ်းကောင်း

နှလုံးကျန်းမာချင်သူတွေအတွက် နည်းလမ်းကောင်း

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

နှလုံးရောဂါက လူတွေကို အသက်အန္တရာယ်ခြိမ်းခြောက်မှုကြီးမားတဲ့ ရောဂါတစ်ခုဖြစ်လာနေတယ်ဆိုတာကို သိရဲ့လား။ တစ်ခါတလေကိုယ်တိုင်တောင် နှလုံး ရောဂါရှိနေမှန်းမသိလိုက်တာမျိုးဖြစ်နိုင်ပါတယ်။ အနေအထိုင် အစားအသောက်တွေကြောင့်လည်း အခုနောက်ပိုင်းမှာ နှလုံးရောဂါဖြစ်ပွားမှုတွေက အရင်ကထက် ပိုများလာရတာပါ။ ဒီကြောက်စရာကောင်းတဲ့ နှလုံးရောဂါကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးရှိပါတယ်။ ဒါက ဘာများဖြစ်မလဲသိချင်ရင် ဆက်ကြည့်လိုက်နော်။
နှလုံးကျန်းမာစေမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ရပ်

ခရမ်းချဉ်သီးဖျော်ရည်သောက်သုံးမှုက သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကိုကျန်းမာစေနိုင်တယ်၊လို့ ဆိုပါတယ်။ အခုနောက်ပိုင်း ကမ္ဘာတလွှားမှာ နှလုံးရောဂါနဲ့ သေဆုံးသူအရေအတွက် တော်တော်လေးများလာနေပါတယ်။

ဆေးလိပ်သောက်သုံးမှု၊ အသက်အရွယ်ကြီးရင့်လာမှုတို့လိုမျိုး အချက်တွေကြောင့် နှလုံးရောဂါဖြစ်ပွားမှုနှုန်းဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။
ကျန်းမာရေးကောင်းဖို့ အရေးကြီးဆုံးအချက်က အာဟာရဆိုရင် နှလုံးကျန်းမာဖို့ကလည်း အာဟာရကောင်းကောင်းမှီဝဲဖို့ လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာတောင် မလိုအောင်ပါ။ ဒီတော့ လေ့လာတွေ့ရှိ မှုအသစ် တစ်ရပ်အရ တစ်နေ့တာမှာ ဆားမထည့်ထားတဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်သုံးမှုက ငွေကုန်ကြေးကျသက်သာစေတဲ့ နှလုံးစောင့်ရှောက်မှုတစ်ရပ်လို့ တွေ့ရှိခဲ့ရပါတယ်။

ခရမ်းချဉ်သီးမှာ ကာရိုတီးနွိုက်၊ ဗီတာမင် A၊ ကယ်လ်ဆီယမ် နဲ့ gamma‐aminobutyric အက်ဆစ်တို့လိုမျိုး bioactive ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါကျန်းမာစေတဲ့အပြင် နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

ပုံမှန်အားဖြင့်ကတော့ နှလုံးသွေးကြောထဲမှာ အဆီတွေစုပုံတာကြောင့် နှလုံးသွေးကြောတွေက မာတောင့်လာပြီး သွေးကြောကျဉ်းတာတွေဖြစ်လာရတာပါ။ နှလုံးသွေးကြောတွေ ကျဉ်းလာတာ၊ ပျက်စီးလာတာက သွေးတိုး ရှိတာ၊ ဆီးချိုရောဂါ ခံစားနေရတာ၊ သွေးတွင်းကိုလက်စထရောများတာတွေကြောင့်ပါ။ တကယ်လို့ ဒီအခြေအနေတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် နှလုံးသွေးကြောရောဂါကင်းပြီး ကျန်းမာတဲ့နှလုံးလေးကိုပိုင်ဆိုင်နိုင်မှာ အသေအချာပါ။

အခုတွေ့ရှိချက်အတွက် လေ့လာမှုကို အချိန် တစ်နှစ်ကျော်ကြာပေးပြီး လုပ်ဆောင်ခဲ့တာပါ။ သုတေသီတွေက အမျိုးသား ၁၈၄ ဦးနဲ့ အမျိုးသမီး ၂၉၇ ဦးတို့ကို တစ်နေ့ကို ခရမ်းချဉ်သီးဖျော်ရည် သောက်နိုင်သလော်က တိုက် ခဲ့ပါတယ်။ အနည်းဆုံးအနေနဲ့ တစ်နေ့တစ်ခွက်တေ့ ပုံမှန်သောက်စေခဲ့ပါတယ်။ လေ့လာမှုမစခင်က ပါဝင်သူတွေရဲ့ သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ်နဲ့ သွေးတွင်းကိုလက်စထရောပမာဏတွေ၊ သွေးတွင်းသကြား ဓာတ် တွေကို တိုင်းတာရယူခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေမှာ သွေးတိုးရှိသူတွေလည်းရှိပါတယ်။

တစ်နှစ်ကြာဆား မပါတဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို သောက်သုံးပြီးနောက်မှာတော့ သွေးပေါင်ချိန်၊ သွေးတွင်းအဆီပမာဏ၊ သွေးတွင်းကိုလက်စထရောပမာဏတွေကျဆင်းသွားတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီသက်ရောက်အကျိုးပြုမှုက အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာရောအတူတူဖြစ်သလို အသက်အပိုင်းအခြားတိုင်းမှာလည်း တစ်ပုံစံတည်းပါ။

သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းက အကျိုးပြုကိုလက်စထရောပမာဏကိုတော့ကျဆင်းစေတာမျိုးမရှိပါဘူး။ ဒါကြောင့် တစ်နေ့ကို ခရမ်းချဉ်သီး စစ်စစ်ကိုကြိတ်ခြေထားပြီး ဆားမရောတဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်ကို ပုံမှန်သောက်သုံးပြီး ခန္ဓာကိုယ်ရော နှလုံးပါကျန်းမာအောင်လုပ်ဆောင်နိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly