အမေရိကန်မှာ အရှေ့အလယ်ပိုင်းတွင် မီးစာတစ်ဖက် ရေမှုတ်တစ်ဖက်မူဝါဒကို သုံးစွဲနေဟု ပူတင်ပြောကြား

အမေရိကန်မှာ အရှေ့အလယ်ပိုင်းတွင် မီးစာတစ်ဖက် ရေမှုတ်တစ်ဖက်မူဝါဒကို သုံးစွဲနေဟု ပူတင်ပြောကြား

မော်စကို၊ အောက်တိုဘာ-၂၃ ။              ။ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က ဝါရှင်တန်မှာ အကြမ်းဖက်တိုက်ခိုက်မှုကို ထောက်ခံအားပေးနေပြီး မီးစာတစ်ဖက်ရေမှုတ်တစ်ဖက်ဂိမ်းကို ကစားနေသည်ဟု စွပ်စွဲလိုက်ပြီး အမေရိကန်၏ အရှေ့အလယ် ပိုင်းပေါ်လစီကိုလည်း စူးရှပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

အမေရိကန်မှာ ၎င်းတို့မကြိုက်သည့် အစိုးရများကို ဖြုတ်ချရန်အတွက် အကြမ်းဖက်အုပ်စုများကို လက်နက်သဖွယ် အသုံးချရန်ကြိုးစားနေသည်ဟု ပူတင်က အောက်တိုဘာ ၂၀ရက်နေ့က ကျင်းပသွားခဲ့သည့် ရုရှနှင့်နိုင်ငံတကာ နိုင်ငံရေးပညာရှင် အုပ်စုတစ်စုဖြစ်သော Valdai Club ၏ နှစ်စဉ် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

‘မီးစာတစ်ဖက် ရေမှုတ်တစ်ဖက်ဂိမ်းကို ကစားဖို့ဆိုတာ အမြဲတန်းလိုလို ခက်ခဲပါတယ်။ တစ်ချိန်တည်းမှာ အကြမ်းဖက်သမားတွေကိုလည်း စစ်ကြေညာရမယ်။ နောက်ပြီးူ အရှေ့အလယ်ပိုင်း စစ်တုရင်ကို ကိုယ့်စိတ်ကြိုက်ရွှေ့ဖို့အတွက်လည်း အကြမ်းဖက်သမားအချို့ကို အသုံးပြုဖို့ ကြိုးစားမယ်။ စကားလုံးတွေနဲ့လည်း ကစားစရာ မလိုတော့ဘူး။ အကြမ်းဖက်သမားတွေကို ပျော့ပျောင်းသူနဲ့ မပျော့ပျောင်းသူလို့ နှစ်စုခွဲလိုက်မယ်။ ဘာကွာသလဲဆိုတာ သိချင်ပါတယ်’ဟု ပူတင်က ပြောကြားခဲ့သည်။  

မော်စကိုမှာ ၎င်း၏ ဆီးရီးယားဗုံးကြဲစစ်ဆင်ရေးအတွင်း သဘောထားပျော့ပျောင်းသည့် သူပုန်အုပ်စုများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု အနောက်အုပ်စုက စွပ်စွဲနေသော်ဘည်း ရုရှကမူ အိုင်အက်စ်အဖွဲ့နှင့် ဆက်နွယ်နေသည့် ပစ်မှတ်များကိုသာ အဓိကထား တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် ပူတင် စကားလုံးများနှင့် ကစားနေသည်ဟူ အပြောအဆိုနှင့် ရုရှအစိုးရ၏ ကြေညာချက်များအရ ဘာရှား အယ်လ် အာဆတ်ကို လက်နက်ကိုင်ပုန်ကန်နေသူမှန်သမျှမှာ ပစ်မှတ်ဖြစ်သည်ဟု မော်စကိုက ယုံကြည်နေကြောင်း ညွှန်ပြနေသည်။

အောက်တိုဘာ ၂၀ရက်နေ့က ပူတင်က အာဆတ်ကို ကရင်မလင်တွင် လက်ခံတွေ့ဆုံခဲ့ရာ အာဆတ်ကို ဆီးရီးယားသမ္မတအဖြစ်နှင့် အာဆတ်၏ အစိုးရကိုလည်း တင်းပြည့်ကျပ်ပြည့် တရားဝင်အဖြစ် အသိအမှတ်ပြုကြောင်းလည်း အလေးအနက် ပြောကြားခဲ့သည်။

အိုင်အက်စ်တို့၏ ပိုမိုကြီးမားသောအန္တရာယ်ကို မျက်ကွယ်ပြုထားပြီး အာဆတ်ကိုသာ မဲနေသောကြောင့် အနောက်အုပ်စုမှာ အမြင်တိုတောင်းသည်ဟုလည်း ပူတင်က ပြောကြားခဲ့သည်။

‘အိုင်အက်စ်လို့ခေါ်တဲ့လူတွေက နယ်မြေအကျယ်ကြီးကို ထိန်းချုပ်ထားနိုင်နေပြီ။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်ခဲ့သလဲ။ စဉ်းစားကြည့်ပါဦး။ ဒမတ်စကတ်ရော၊ ဘဂ္ဂဒက်ရောကို အကြမ်းဖက်အုပ်စုတွေက သိမ်းပိုက်လိုက်နိုင်ပြီဆိုရင် သူတို့ဟာ တရားဝင်အာဏာပိုင်နီးပါး ဖြစ်သွားတော့မယ်။ ပြီးတော့ တစ်ကမ္ဘာလုံးကို နယ်ချဲ့တော့မယ်။ ဒါကိုရော စဉ်းစားမိကြရဲ့လား’’ဟု ပူတင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly