ချက်သမ္မတနိုင်ငံ၌ ဆေးရုံမှ လူနာများကို သေနတ်သမား ပစ်သတ်၊ ရဲလက်က မလွတ်နိုင်မှ ကိုယ့်ကိုကိုယ် အဆုံးစီရင်

ချက်သမ္မတနိုင်ငံ၌ ဆေးရုံမှ လူနာများကို သေနတ်သမား ပစ်သတ်၊ ရဲလက်က မလွတ်နိုင်မှ ကိုယ့်ကိုကိုယ် အဆုံးစီရင်

ဒီဇင်ဘာ ၁၀ ။        ။ ချက်သမ္မတနိုင်ငံ အိုစထရာဗာမြို့တွင် သေနတ်သမားတစ်ဦးက ဆေးရုံတစ်ရုံကို ဝင်ရောက်စီးနင်းပြီး လူနာ ခြောက်ဦးကို ပစ်သတ်ပြီးနောက် ကိုယ့်ကိုကိုယ် ပစ်ခတ် အဆုံးစီရင်သွားသည်။

မြို့တော် ပရက်ဂ်မှ ကီလိုမီတာ ၃၀၀ ခန့်အကွာ သံမဏိအဓိက ထုတ်လုပ်ရာ အိုစထရာဗာ မြို့ရှိ ဦးနှောက်နှင့် အာရုံကြောဆေးရုံ စိတ်ကျန်းမာရေးအဆောင်တွင် အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ကိုယ်တိုင် အလွန်တရာ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ဟု ပြောသော ယင်းပစ်ခတ်မှုတွင် သေနတ်သမားက လူနာများကို အနီးကပ် ပစ်ခတ်ခြင်း ဖြစ်သည်။

ပစ်ခတ်မှု ဖြစ်ပြီးချင်း စက္ကန့်ပိုင်းမှာပင် ရဲဌာနက အမျိုးသားလေးဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးသည်ဟု ထုတ်ပြန်သည်။ ဒဏ်ရာရသူ သုံးဦးတွင် တစ်ဦးက စိုးရိမ်ဖွယ်ရာ မရှိသော်လည်း နှစ်ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။

အသက် ၄၂ နှစ်ရှိ အဆိုပါ တိုက်ခိုက်သူ အမျိုးသားသည် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ကျူးလွန်ကြောင်းကို မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“အဲဒီ ဆေးရုံအဆောင်မှာ လူနာတွေ စောင့်ဆိုင်းနေချိန် ဒီ ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်တာလို့ သိရပါတယ်။ သေနတ်သမားဟာ အနီးကပ် ခေါင်းနဲ့ လည်ပင်းတွေကို ပစ်ခတ်သွားတာ ဖြစ်တယ်။”ဟု ဝန်ကြီးချုပ် အန်ဒရက်ဘာဘစ်က ဌာနေမီဒီယာများသို့ ပြောသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် သေနတ်သမားသည် အခင်းဖြစ်ရာမှ ကားဖြင့် ထွက်ပြေးခဲ့ရာ ရဲနှင့် တာဝန်ရှိသူ ရာနှင့်ချီပြီး ရဟတ်ယာဉ်နှစ်စင်း အကူအညီနှင့်အတူ ၎င်းနောက်သို့ လိုက်လံကြခြင်း ဖြစ်သည်။

အိုစထရာဗာမြို့ အနောက်မြောက်ဖက် ကျေးရွာတစ်ရွာ၌ ၎င်းအား ရဲက ဖမ်းမိခါနီးမှ သေနတ်သမားက ကားအတွင်းမှာပင် ကိုယ်ကိုကို ပစ်ခတ် အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်ဟု နယ်မြေပိုင် ရဲမှူးချုပ် သောမတ်စ်ကူဇယ်က ပြောခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly