အတိုးတစ်ကျပ်ခွဲနှုန်းဖြင့် ငွေကျပ်သိန်းတစ်ရာအထိ ချေးနိုင်မည့် ဥပဒေကြမ်းတင်သွင်း

အတိုးတစ်ကျပ်ခွဲနှုန်းဖြင့် ငွေကျပ်သိန်းတစ်ရာအထိ ချေးနိုင်မည့် ဥပဒေကြမ်းတင်သွင်း

 နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ။        ။ လက်လုပ်လက်စားများနှင့် ကျေးလက်နေ ပြည်သူလူထု အပါအဝင် အသေးစား အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို  အထောက်အကူပြုနိုင်ရေးအတွက်  အတိုး တစ်ကျပ်ခွဲနှုန်းဖြင့် ငွေကျပ်သိန်းတစ်ရာအထိ ချေးနိုင်မည့်  အသေးစား ငွေရေးကြေးရေး ဥပဒေကြမ်းတစ်ရပ်ကို ဒီဇင်ဘာ ၁၀ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ရေးဆွဲခဲ့ခြင်းဖြစ်သည်။

 “အဖွဲ့အစည်းကြီးတာတွေဆိုရင် အများဆုံးမှ ကျပ်သိန်း ၁၀၀ ပဲ ချေးနိုင်တာပေါ့။ နောက် တစ်ချို့ကျတော့လည်း ဒီဟာကို သိန်း ၂၀ ၊ သိန်း၃၀ ပေါ့။ သူတို့ အဆင့်ဆင့် တိုင်းချေးသွားတာတွေရှိတယ်။ တချို့ဆိုလို့ရှိရင်  စစချင်းဝင်လာတဲ့ လူတွေဆိုရင်တော့ ငါးသိန်းလောက် ကနေစပြီးတော့ ချေးတာတွေ သုံးသိန်း ၂သိန်းလောက်ကနေစပြီးတော့ ချေးတာတွေဒါတွေကနေပြီးတော့မှ သူတို့ရဲ့ MFIတွေရဲ့ ချေးငွေပေ့ါ သူတို့ရဲ့ အဖွဲ့တစ်ခုချင်း ကုပ္မဏီ တစ်ခုချင်းစီရဲ့ ရင်းနှီး မြှပ်နှံထားမှုတွေရဲ့ အပေါ်မှာ မူတည်ပြီးတော့ ဒီလိုချေးတာပါ။ အတိုးအနေနဲ့ကတော့ ကျွန်မတို့ တစ်ကျပ်ခွဲနှုန်းကို လောလာဆယ်သတ်မှတ်ထားတာပါ”ဟု ပြည်သူ့လွှတ်တော်  ဘဏ်များနှင့်  ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ပုလဲမဲဆန္ဒနယ် အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

အဆိုပါ ဥပဒေ၏ ပြစ်မှု ပြစ်ဒဏ်များတွင်  လိုင်စင်မရှိဘဲ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်း လုပ်ငန်း လုပ်ကိုင်ကြောင်း  ပြစ်မှု ထင်ရှားလျှင်  ထိုသူကို ကျပ်သိန်း ၁၅ဝဝ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ငါးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည် ဟု ဖော်ပြထားသည်။

 ၂၀၁၉ခုနှစ် အောက်တိုဘာလ ကုန်အထိ    နေပြည်တော်အပါအဝင် တိုင်းဒေသကြီးပြည်နယ် များတွင်  ပြည်တွင်းပြည်ပ ပုဂ္ဂလိက အဖွဲအစည်းအပေါင်း ၁၈၉ ဖွဲ့ထံက ချေးငွေရယူထားသည့် အသင်းသား လေးသန်းနီးပါးရှိကြောင်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ စာရင်းများအရ သိရသည်။

“အသင်းဝင်ပြည်သူများရဲ့ သတင်းအချက်အလက် လုံခြုံစိတ်ချ စေရေးနဲ့ အတူ တစ်ဖက်မှာ လိုအပ်လာတဲ့ ချေးငွေ သတင်းအချက်အလက်မျှဝေခြင်းဆိုင်ရာ ကိစ္စရပ်များအားစနစ်တကျဖြစ်စေရေး၊ အသင်းဝင်များရဲ့ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာဗဟုသုတ တိုးတက်လာစေရေး ၊ နည်းပညာတိုးတက်မှုနဲ့ အတူ တောရော မြို့ပါမကျန် အွန်လိုင်းပေါ်ကစပြီး တွင်ကျယ် ခေတ်စားလာတဲ့ လိုင်စင်မဲ့ချေးငွေလုပ်ငန်းတွေကို ဥပဒေနဲ့ အညီ အကာအကွယ် တားဆီးနိုင်ရေး အသေးစားငွေရေးကြေးရေးကဏ္ဍကိုစုစည်းအားကောင်းနိုင်မယ့် ပုဂ္ဂလိက  ဦးဆောင်အဖွဲ့အစည်းတစ်ရပ် ခိုင်ခိုင်မာမာ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး စတဲ့ ရည်မှန်းချက်တွေနဲ့ ချဉ်းကပ်စဉ်းစားရေးဆွဲခဲ့ပါတယ်” ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်ကို ဘဏ်များနှင့်  ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်က ပြောသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည့်  လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်  ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၄နာရီ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းပေးရန် လွှတ်တေ်ာ ဥက္ကဌ ဦးတီခွန်မြတ်က အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly