ပလက်ဝမြို့မှာ ခရီးသည်တင်စက်လှေ ပစ်ခတ်ခံရသည့်အတွက် ပလက်ဝဒေသခံ သုံးဦး သေဆုံး

ပလက်ဝမြို့မှာ ခရီးသည်တင်စက်လှေ ပစ်ခတ်ခံရသည့်အတွက် ပလက်ဝဒေသခံ သုံးဦး သေဆုံး
ပလက်ဝမြို့နယ်အတွင်းက ကုလားတန်မြစ်ကမ်းဘေးမှာ ရေချိုးေနသော ဒေသခံတချို့ / ဓာတ်ပုံ - Chit Min Tun

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ။            ။ ပလက်ဝမြို့နယ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် စက်လှေတစ်စီး သေနတ်ဖြင့် ပစ်ခံရသည့်အတွက် သုံးနှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က မဇ္ဈိမသို့ ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက် နံနက် ၈ နာရီခန့်က ပလက်ဝမြို့ပေါ်ကနေ တောင်ပြိုသို့ ပြေးဆွဲသည့် ခရီးသည်တင် စက်လှေ တစ်စီး နှုံးဘူးကျေးရွာသို့ ရောက်ရှိစဉ် မည်သည့်အဖွဲ့မှ ပစ်ခတ်လိုက်မှန်းမသိသော ကျည်ဆံ ထိမှန်ခံခဲ့ရသည့်အတွက် အခင်းဖြစ်ရာ နေရာတွင် ကလေးငယ် တစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ်မှာ နောက်ထက် ၁ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပလက်ဝ-တောင်ပြို ပြေးဆွဲသော ခရီးသည်တင် စက်လှေတစ်စီးပေါ်သို့ တက်ရန်ပြင်နေသော ခရီးသွားများ / ဓာတ်ပုံ - The Chin Journal

အဆိုပါ ပစ်ခတ်ခံရသည့် အချိန်တွင် တပ်မတော်နှင့် ရခိုင်တပ်ဖွဲ့(AA)တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး မည်သည့် အဖွဲ့က ပစ်မှန်း မသိရကြောင်း၊ သေဆုံးခြင်းမရှိဘဲ ဒဏ်ရာများ ရရှိသူ ၇ ဦးကို ပလက်ဝ ဆေးရုံမှာ တင်ထားကြောင်း၊ ထို ၇ ဦးထဲမှ တစ်ဦး သေဆုံးသွားခဲ့ရာ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးထက်က ပြောသည်။

“ တောင်ပြို မရောက်ခင် နှုံးဘူးဆိုတဲ့ ရွာမှာ ခဏရပ်နေတဲ့အချိန်မှာ ဘယ်အဖွဲ့က ပစ်လိုက်မှန်း မသိတဲ့အတွက် ၃-၄ နှစ် အရွယ် ကလေးတစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားပါတယ်။ စက်လှေက ပြန်လှည့်ပြီးတော့ ပလက်ဝဆေးရုံကို ၇ ဦး တင်ထားရတယ်။ အဲဒီထဲမှ ဒဏ်ရာပြင်းထန်တဲ့ ၁၇ နှစ်အရွယ် အမျိုးသမီး ထပ်ပြီး သေဆုံး သွားပါတယ်။ အဲဒီအချိန်မှာလည်း တပ်မတော်နဲ့ AA တို့ကလည်း တိုက်ပွဲဖြစ်ပွားနေတယ်။ ဘယ်အဖွဲ့က ပစ်မှန်းတော့ မသိဘူး။ သေဆုံးသွားတဲ့ သူတွေက ပလက်ဝ ဒေသခံတွေပါ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပလက်ဝ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသူများကို အကောင်းဆုံး ဆောင်ရွက်ပေးနေကြောင်း ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသလို နယ်နမိတ်ခြင်း ထိစပ်နေသည့် ပလက်ဝမြို့နယ်အတွင်းမှာလည်း ၂၀၁၅ ခုနှစ် ကတည်းက မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေရာ ဒေသခံများ ထိခိုက် သေဆုံးမှုများ ဖြစ်ပွားလျက်ရှိနေကြောင်း ပလက်ဝေ ဒသခံများက ပြောသည်။

ပလက်ဝဒေသခံ Ko Lo Pym က “လိုင်းစက်လှေတစ်စီး သေနတ်ထိမှန်တယ်လို့ သိရတယ်။ ဖြစ်တဲ့အချိန်မှာ နှစ်ဦး သေဆုံးသွားပါတယ်။ ကျန်တဲ့သူတွေကတော့ ဆေးရုံမှ ပို့ထားပါတယ်။ သေသေချာချာ တိတိကျကျတော့ မသိရသေးပါဘူး” ဟု ပြောသည်။

လက်ရှိတွင် ချင်းပြည်နယ်အစိုးရမှ ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ ညမထွက်ရ ပုဒ်မ ၁၄၄ ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှု၊ အရပ်သား သေဆုံးမှုများနှင့် ပတ်သက်ပြီး တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့ အတွင်း ရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင် ဖြေခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

နှစ်ဖက် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အရပ်သား သေဆုံးမှုမှာ ၈၀ ဦးခန့် ရှိပြီဖြစ်ကြောင်း ရခိုင်ပြည် နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။

ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နှင့် AA တို့ တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ၃၀၀၀ ကျော် ရှိနေပြီး အရပ်သား ဒေသခံ ၁၀၀ ကျော် ပျောက်ဆုံးနေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly