ပါကစ္စတန်ရှိ ရှီးယိုက်ဗလီတွင် ဗုံးခွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးသေဆုံး

ပါကစ္စတန်ရှိ ရှီးယိုက်ဗလီတွင် ဗုံးခွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးသေဆုံး

ကွက်တာ၊ အောက်တိုဘာ ၂၃ ။            ။ ရှီးယိုက်မွတ်စလင်တို့၏ Ashura ဘာသာရေးပွဲတော် အကြိုနေ့တွင် ပါကစ္စတန်၏ ဘလူချီစတန်ပြည်နယ်ရှိ ရှီးယိုက်ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ၁၀ဦးသေဆုံးခဲ့သည်ဟု အရာရှိများကပြောသည်။ ယင်းဖြစ်ရပ်ကြောင့် လာမည့်ပွဲတော်ကာလအတွင်း နောက်ထပ်ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်။

ရှီးယိုက်မွတ်စလင်များကို အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသော ဆွန်နီစစ်သွေးကြွအုပ်စုတစ်ခုဖြစ်ပြီး ဆီးရီးယားနှင့် အီရတ်အခြေစိုက်ယင်းအုပ်စု၏ နောက်လိုက်အဖြစ် တာလီဘန်ခွဲထွက် အုပ်စု များက သစ္စာခံပြီးနောက် ယခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားမည်ကို စိုးရိမ်မှုများမြင့်လျက်ရှိသည်။ ကူညီထောက်ပံ့မှုအတွက် မျှော်လင့်နေသော ပါကစ္စတန်အုပ်စုများသည် အိုင်အက်စ်ကို အထင်ကြီးချင်နေသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

အောက်တိုဘာ ၂၂က ပြည်နယ်မြို့တော် ကွက်တာ၏ အရှေ့ဘက် ကီလိုမီတာ ၂၀၀ ဝေးသော ဘာအက်မြို့တွင်ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှုတွင် သေဆုံးသူများထဲတွင် ကလေးငယ် ခြောက်ဦး ပါဝင်ပြီး လူ၂၀မှာ ဒဏ်ရာရခဲ့သည်ဟု ပြည်နယ်၏ ပြည်ထဲရေးဝန်ကြီး ဆာဖာရတ်အာမက်ဘတ်တီက ရိုက်တာသို့ပြောသည်။

"ဒါက အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုပါ။ ဗုံးခွဲသူရဲ့ခေါင်းကို တွေ့ပါတယ်"ဟု ၎င်းကပြောသည်။ တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မည်သူကမျှ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။
ပါကစ္စတန်အရှေ့ပိုင်းရှိ ဘလူချီစတန်ပြည်နယ်တွင် ခွဲထွက်ရေးအကြမ်းဖက်မှုနှင့် ဂိုဏ်းဂဏကွဲပဋိပက္ခများဖြစ်ပွားလျက်ရှိနေသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိနေပြီဖြစ်သည်။ပွဲတော်ရက်နှစ်ရက် မတိုင်မီက ပါကစ္စတန်နိုင်ငံတစ်ဝန်း လုံခြုံရေးတိုးမြင့်ထားသည်။

အောက်တိုဘာ ၂၃နှင့် ၂၄တွင် ရှီးယိုက်မွတ်စလင်များသည် တမန်တော်မိုဟာမက်၏ မြေး ဟူစိန်သေဆုံးမှုအထိမ်းအမှတ်ပွဲပြုလုပ်ရန် မြို့ကြီးအများစုတွင် လူထုစုဝေးပွဲများ၊ ချီတက်ပွဲများပြုလုပ် မည်ဖြစ်သည်။        

အဝေးထိန်းစနစ်ဖြင့်ဗုံးခွဲမှုများမဖြစ်ပေါ်စေရန် ပွဲတော်နှစ်ရက်အတွင်း မိုဘိုင်းဗုံးဝန်ဆောင်မှုလုပ်များရပ်ဆိုင်းထားသည်။ ရဲတပ်ဖွဲ့ကလည်း စစ်ဆေးရေးဂိတ်များ ပိုမိုဖွင့်လှစ်ထားကာ နေရာအချို့တွင် သွားလာလှုပ်ရှားမှုကို ကန့်သတ်ထားသည်။ ရှီးယိုက်မွတ်စလင်များမှာ ပါကစ္စတန်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းရှိပြီး ကျန်လူဦးရေအများစုက ဆွန်နီမွတ်စလင်များဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly