အိုင်အက်စ်ကို တိုက်ဖျက်ရေး အာဆတ်က သူပုန်များနှင့်လက်တွဲလုပ်ဆောင်နိုင်ဟု ပူတင်ပြော

အိုင်အက်စ်ကို တိုက်ဖျက်ရေး အာဆတ်က သူပုန်များနှင့်လက်တွဲလုပ်ဆောင်နိုင်ဟု ပူတင်ပြော

အိုင်အက်စ်များကို တိုက်ခိုက်ရန် ဆန္ဒရှိသော် သူပုန်အုပ်စုများနှင့် လက်တွဲဆောင်ရွက်ရန် ဆီးရီးယား အစိုးရက အသင့်ရှိနိုင်သည်ဟု ရုရှသမ္မတဗလာဒီမာပူတင်က ပြောကြားလိုက်သည်။

အောက်တိုဘာ ၂၀က ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် မော်စကိုသို့ ရုတ်တရက်လာရောက်စဉ် ယင်းသို့လက်တွဲလုပ်ဆောင်နိုင်ခြင်းရှိမရှိ ပူတင်က မေးစဉ် အာဆတ်က ဖြစ်နိုင်ကြောင်း ပြန်ဖြေခဲ့သည်ဟု ပူတင်က ပြောသည်။

ရုရှတောင်ပိုင်း ပြည်ပမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် ကွန်ဖရင့်တစ်ခုတွင် ပူတင်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ " ကျွန်တော်တို့ဒီလိုလုပ်ဖို့ စဉ်းစားနေပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားမှာပါ"ဟုလည်း ပူတင်က ပြောသည်။

အိုင်အက်စ်ကို တိုက်ခိုက်နေသော ဆီးရီးယားနှင့် အီရတ်အစိုးရများ၏ တပ်ပေါင်းစုတွင် ပါဝင်ရန် ကာ့ဒ်အုပ်စုများကိုလည်း ပူတင်က တောင်းဆိုလိုက်သည်။

သိုသော်လည်း ဆီးရီးယား၏ စစ်မြေပြင်တွင် တိုက်ခိုက်နေသော အတိုက်အခံတပ်ဖွဲ့များမှာ အကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းရန် သမ္မတအာဆတ် ရာထူးမှ ဆင်းပေးရန်သာ အစဉ်တစိုက်တောင်းဆိုလျက်ရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ဆီးရီးယားလူမျိုးများစည်းလုံးညီညွတ်ရေးနှင့် ၎င်းတို့၏အနာဂတ်ခေါင်းဆောင်ပိုင်းကို ရွေးချယ်နိုင်ရေးအတွက် ပိတ်ဆို့နေသော တစ်ခုတည်းသောအရာမှာ အာဆတ်သာဖြစ်သည်ဟု အောက်တိုဘာ ၂၂က ပြောကြားခဲ့သည်။

ဆီးရီးယားပဋိပက္ခအရေးဆွေးနွေးရန် မစ္စတာကယ်ရီသည် အောက်တိုဘာ ၂၃တွင် ဗီယင်နာ၌ ရုရှနိုင်ငံခြားရေးဝန်ကြီး၊ တူရကီနိုင်ငံခြားရေးဝန်ကြီး ၊ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး တို့နှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

အစိုးရဆန်ကျင်ရေး ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းရာမှ ဖြစ်ပေါ်လာခဲ့သော ဆီးရီးယားပြည်တွင်းစစ်မှာ လေးနှစ်ကျော်နေပြီဖြစ်သည်။ စစ်ပွဲကြောင့် လူ ၂၅၀,၀၀၀ကျော်သေဆုံးခဲ့ပြီး လူတစ်သန်းခန့်ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly