တနင်္သာရီတိုင်းထဲက ခရိုင် ၃ ခုတွင် ICJ မှာ အမှုရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲလုပ်

တနင်္သာရီတိုင်းထဲက ခရိုင် ၃ ခုတွင် ICJ မှာ အမှုရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲလုပ်

မြိတ်၊ ဒီဇင်ဘာ ၁၀ ။              ။ လူမျိုးတုန်းသတ်ဖြတ်သည်ဟုဆိုကာ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ တရားစွဲခံနေရခြင်းနှင့် ပတ်သက်ပြီး အမှုကို သွားရောက် ရင်ဆိုင်ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ် တည်ကြောင်း တနင်္သာရီတိုင်းဒေသကြီးက ခရိုင် ၃ ခုမှာ ဒေသခံများက ဒီဇင်ဘာ ၉ ရက်မှ ၁၀ ရက်နေ့အထိ ထောက်ခံ ပွဲများ ကျင်းပခဲ့ ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို  လူဦးရေ ၁၀၀၀၀ ကျော် ပါဝင်ခဲ့ကြပြီး မြိတ်ကမ်းနားလမ်းမှ စတင်ကာ သဲကွင်း မြိတ်ဈေးဝယ်စင်တာ အနီးသို့ ချီတက်ကာ ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်လျက်ရှိကြောင်း ပြသခဲ့ကြသည်။

ထောက်ခံပွဲအား ဦးဆောင်သူ ပရဟိတမောင်နှမများအသင်းမှ ဦးမင်းလွင်ဦးက“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးဆောင်တဲ့အဖွဲ့ကို မြိတ်ခရိုင်က ပြည်သူလုတွေ တညီတညွတ်တည်း အားပေး ထောက်ခံ နေပါတယ်ဆိုတဲ့ ပြသတဲ့အနေနဲ့ နိုင်ငံခေါင်းဆောင်ကို ထောက်ခံနေတယ်ဆိုတာ ပြသတာ ဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ ထောက်ခံပွဲမှာ မြိတ်ခရိုင်ရှိ မြိတ်၊ တနင်္သာရီ၊ ကျွန်းစုနှင့် ပုလောမြို့နယ် တို့မှာ ဒီဇင်ဘာ ၉ ရက်က ပြုလုပ်ခဲ့ပြီး ထားဝယ်နှင့် ကော့သောင်းမြို့နယ်မှာတွင် ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်ခဲ့ရာ အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီများ၊ လူမှုကူညီမှုအသင်းများ၊ ကုမ္ပဏီမှ အလုပ်သမားများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ သူများနှင့် ပြည်သူလူထု စုစုပေါင်း လူဦးရေ ၁၀၀၀၀ ကျော် ပါဝင်ခဲ့ကြကြောင်း သိရသည်။

ဘင်္ဂါလီများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်သည်ဆိုသော စွပ်စွဲချက်နှင့် ဂမ်ဘီယာနိုင်ငံက မြန်မာကို ICJ မှာ အမှုဖွင့်ထားရာ နယ်သာလန်နိုင်ငံ သဟိတ်(သည်ဟိတ်)မြို့မှာ အမှုကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ ကြားနား စစ် မည်ဖြစ်သည်။

အဆိုပါ စစ်ဆေးမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ ဒီဇင်ဘာ ၈ ရက်က နယ်သာလန်နိုင်ငံ၊ သဟိတ်(သည်ဟိတ်)မြို့သို့ ထွက်ခွာသွားပြီး ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly