ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းရေး မြန်မာတွင် အချိန် မရှိတော့ပြီဟု ဒေါက်တာ သန့်မြင့်ဦး သတိပေး

By သည်စထရိတ်တိုင်းမ်စ်
10 December 2019
ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းရေး မြန်မာတွင် အချိန် မရှိတော့ပြီဟု ဒေါက်တာ သန့်မြင့်ဦး သတိပေး
PHOTOS: THANTMYINT-U/FACEBOOK

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသည့် ကမ္ဘာ့နိုင်ငံများအနက် အဆိုးဆုံး တစ်နိုင်ငံအဖြစ် ပါဝင်နေပြီး ယင်း၏ နောက်ဆက်တွဲ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းအတွက်လည်း ဆိုးဆိုးဝါးဝါးပင် ကြိုတင်ပြင်ဆင်မှုမဲ့နေကြောင်း သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။

အမေရိကန်တွင် နေထိုင်သော သမိုင်းပညာရှင်၊ စာရေးဆရာနှင့် သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူ ဒေါက်တာ သန့်မြင့်ဦးက မြန်မာနိုင်ငံ၏ လူမျိုးစုများ၊ အရင်းရှင်ဝါဒနှင့် ဒီမိုကရေစီ အကျပ်အတည်း အကြောင်းချင်းရာကို ၎င်း၏ The Hidden History of Burma ဆိုသည့် စာအုပ်တွင် ရေးသားထားသည်။

အဆိုပါ စာအုပ်တွင် မြန်မာနိုင်ငံ၏ အနာဂတ်အရေးတွင် ရာသီဥတုပြောင်းလဲမှု၏ ခြိမ်းခြောက်မှုကို နှိုက်ချွတ်ရေးသားထားကြောင်း ဒေါက်တာ သန့်မြင့်ဦးက The Straits Times သတင်းဌာနသို့ ပြောသည်။

“ဒီ စာအုပ်မှာ ယေဘုယျ ဖော်ပြထားတယ်လို့ ပြောနိုင်ကောင်း ပြောနိုင်ပါမယ်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုရဲ့ ရိုက်ခတ်မှု မလွဲဧကန်ဖြစ်လာပြီဆိုတဲ့ အကြောင်းကို ပြောမယ်ဆိုရင်တော့ အကောင်းရှုမြင် ပြောဆိုဖို့က သိပ်ခက်သွားပြီ။”ဟု ၎င်းက ဆိုသည်။

“ဒီ ရာစုနှစ်ရဲ့ ကျန်ကာလမှာ ကမ္ဘာ့ပူနွေးမှုက နှစ်ဒီဂရီ၊ သုံးဒီဂရီ တိုးလာမယ်လို့ ကျွန်တော်တို့ သိထားတယ်။ ဒီကျရင် မြန်မာနိုင်ငံ ကြုံရမှာက ပင်လယ်ရေ မြင့်တက်မှု၊ အပူချိန် လွန်ကဲမှု၊ ပြင်းထန်တဲ့ ရာသီဥတု ဖြစ်စဉ်တွေ ဆိုးဆိုးဝါးဝါး ကြုံရနိုင်တယ်။”ဟု ဦးသန့်မြင့်ဦးက ဆိုသည်။

ချမ်းသာလွန်းသော နိုင်ငံများ၊ ထိုင်းကဲ့သို့သော အရှေ့တောင်အာရှက ချမ်းသာသည့် နိုင်ငံများသည် ထိုသို့သော ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှုများကို ဖြေရှင်းနိုင်ဖွယ်ရာ ရှိသည်ဟု ၎င်းက ဆိုသည်။

“ဒါပေမယ့် မြန်မာလို ဆင်းရဲတဲ့ နိုင်ငံအတွက် လာမယ့် နှစ် ၂၀၊ ၃၀ မှာ ရာသီဥတု ပြောင်းလဲမှုရဲ့ ဒဏ်ကို ဘယ်လိုများ ရင်ဆိုင်ဖြေရှင်းနိုင်မလဲဆိုတာ မြင်ရဖို့ ခက်ပါတယ်။”ဟု ဒေါက်တာ သန့်မြင့်ဦးက ပြောခဲ့သည်။

စပိန်နိုင်ငံတွင် ကျင်းပသော ၂၀၁၉ ကုလသမဂ္ဂရာသီဥတုညီလာခံ COP25 တွင် ၂၀၂၀ ရာသီဥတုဘေးအန္တရာယ် အညွှန်းကိန်းကို ဒီဇင်ဘာ ၄ ရက်က ထုတ်ပြန်ခဲ့ရာ၌ ကုန်လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း ရာသီဥတုနှင့် ဆက်စပ်ပြီး ဆုံးရှုံးမှု အကြီးမားဆုံး နိုင်ငံများစာရင်းတွင် ပေါ်တိုရီကို၊ မြန်မာနှင့် ဟေတီတို့ကို ဖော်ပြထားသည်။

ထိုသို့ မြန်မာနိုင်ငံ ပါဝင်နေခြင်းသည် ၂၀၀၈ ခုနစ် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်အတွင်း ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly