ကာ/လုံ အစည်းအဝေး အမြန်ခေါ်ယူရန် တပ်မတော် တောင်းဆို

ကာ/လုံ အစည်းအဝေး အမြန်ခေါ်ယူရန် တပ်မတော် တောင်းဆို

နေပြည်တော်(ဒီဇင်ဘာ ၉ရက်၊ ၂၀၁၉ခုနှစ်)။ ။ အာဏာရပါတီ NLD ဦးဆောင်သည့် အစိုးရသက်တမ်းအတွင်း တစ်ကြိမ်တစ်ခါမျှ ခေါ်ယူကျင်းပခြင်း မရှိသေးသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပရန် တပ်မတော်သားလွှတ်တော်အမတ်များက ဒီဇင်ဘာ ၉ရက်က ပြည်ထောင်စုလွှတ်တော်တွင် တောင်းဆိုခဲ့ကြသည်။

အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများ လုံခြုံရေးအတွက် အစိုးရက ကာ/လုံ အစည်းအဝေး ခေါ်ယူကာ ဆွေးနွေးဆုံးဖြတ်သင့်သည်ဟု တပ်မတော်သား လွှတ်တော်အမတ်များက ထောက်ပြကြသည်။ 

အစိုးရက ကာ/လုံ အစည်းအဝေး ခေါ်ယူကာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သော ရက္ခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA၊ ကိုးကန့်အဖွဲ့ MNDAA တို့ကို  ‘အကြမ်းဖက်သောင်းကျန်းသူများ’ အဖြစ် တရားဝင် ကြေငြာသင့်ကြောင်း တပ်မတော်သားအမတ် ဗိုလ်မှူးချုပ် ကျော်စန်းလင်းက ဆွေးနွေးခဲ့သည်။ 

အဆိုပါ မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် တိုက်ခိုက်မှု ဖြစ်ပွားတိုင်း တပ်မတော်ဘက်က အမြန်ဆုံး လိုက်လံတိုက်ခိုက် ချေမှုန်းသော်လည်း အစိုးရကမူ မည်သည့် ဆောင်ရွက်ချက်ကိုမျှ လုပ်ဆောင်ထားခြင်းမရှိဟု ၎င်းက အပြစ်ဖို့သည်။ 

“ရခိုင်ပြည်နယ်အရေးဟာ နိုင်ငံတစ်နိုင်ငံလုံး အရေးမဟုတ်၊ ပြည်နယ်လေးတစ်ခု၏ ပြဿနာသာဖြစ်တယ်လို့ ယူဆခဲ့ရင် ရခိုင်ပြည်နယ်မှာရှိတဲ့ အခြားအမတ်မင်းတွေနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ ထပ်ပြီး အဖမ်းခံနေရဦးမှာပါပဲ။ ဒါကြောင့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများရဲ့ လုံခြုံရေးကိစ္စများကို ‘ကာလုံ’ အမြန်ဆုံး ခေါ်ယူပြီး အစိုးရမှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်သွားသင့်ပါကြောင်း အကြံပြုအပ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်စန်းလင်းက လွှတ်တော်တွင် ပြောသည်။ 

အတိုက်အခံ ကြံ့ခိုင်ရေးပါတီအမတ် ဦးစိုင်းသန်းနိုင် ဦးဆောင်တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းနှင့် ပတ်သက်ပြီး လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဝင်ရောက်ဆွေးနွေးစဉ် ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

တပ်မတော်သားအမတ်တစ်ဉီးဖြစ်သူ ဗိုလ်မှူး မင်းမင်းကလည်း ရခိုင်ပြည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် ကာလုံကောင်စီက တွေ့ဆုံညှိနှိုင်းကာ ဆုံးဖြတ်ရမည်ဖြစ်သည်ဟု ဆွေးနွေးခဲ့သည်။ 

ကာ/လုံကောင်စီတွင် သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ပါဝင်သည့် ၁၁ဦးဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ ၁၁ဦးထဲတွင် အခြေခံဥပဒေအရ တပ်မတော်ဘက်က ခြောက်ဦး ပါဝင်နေခြင်း ဖြစ်သည်။ 

နောက်ထပ် တပ်မတော်သားအမတ်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး မင်းဦးကလည်း “ကျွန်တော်တို့နိုင်ငံဟာ ပထဝီဝင် အနေအထားအရ ပြည်ပရဲ့ ဖိအားပေးမှုများ၊ ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စများ မကြာခန ပေါ်ပေါက်လေ့ရှိပြီး အခုဆိုရင်လည်း စိန်ခေါ်မှုပေါင်းများစွာကို တစ်ပြိုင်တည်း ရင်ဆိုင်နေရတဲ့ အခြေအနေ ရှိပါတယ်။ သို့သော်လည်း ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဆုံးဖြတ်ပေးရမယ့် ကာလုံရဲ့ ဆောင်ရွက်မှုကို မတွေ့ရပါဘူး။ ကာလုံ ဘယ်ရောက်နေပါသလဲ” ဟု ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။ 

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးသန်းစိုးနိုင်ကမူ လက်ရှိ တိုင်းပြည်အခြေအနေသည် ကာ/လုံ အစည်းအဝေး ခေါ်ရလောက်အောင် ဝရုန်းသုန်းကားဖြင့် ယိုယွင်းနေသည့် အနေအထား မဟုတ်ကြောင်းနှင့် တပ်မတော်နှင့် အစိုးရခေါင်းဆောင်များအကြား အရင်ဆုံး အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရန်သာ လိုအပ်နေကြောင်း သုံးသပ် ပြောကြားသည်။

“ဒီအချိန်မှာ အမျိုးသားစည်းလုံးညီညွတ်ရေး အရေးကြီးနေတာပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ အိုင်စီဂျေနဲ့ ပတ်သက်ပြီး သွားရောက်ပြီးတော့ တရားရင်ဆိုင်ဆိုင်နေရတဲ့ အခြေအနေမျိုးမှာ ကာလုံလို အစည်းအဝေးခေါ်ဖို့ တိုက်တွန်းတာက ကျွန်တော်အနေနဲ့ သိပ်တော့ သဘောမကျဘူး” ဟု ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။ 

အတိုက်အခံအမတ် ဦးစိုင်းသန်းနိုင်ဦးဆောင်ကာ တပ်မတော်သားအမတ်များနှင့်ပူးပေါင်းပြီး တင်သွင်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းတွင် ကာ/လုံ အစည်းအဝေးကို နှစ်လတစ်ကြိမ် ကျင်းပရန်နှင့် ကာ/လုံကောင်စီဝင် ငါးဦးက တောင်းဆိုပါက အရေးပေါ် အစည်းအဝေး ကျင်းပရမည်ဟု ထည့်သွင်းထားသည်။ 

ထို့ပြင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍအချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ လွှတ်တော်များကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတထံ အကြံပေးရမည်ဟုလည်း ကာ/လုံ၏ တာဝန်အဖြစ် ဥပဒေကြမ်းထဲတွင် ထည့်သွင်းထားသေးသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားပြီးသားဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးကို လက်ရှိ အစိုးရအနေဖြင့် ‘စစ်ဖြစ်မှ လုပ်တော့မှာလား’ ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ထွန်းထွန်းညီကလည်း စက်တင်ဘာ ၂၈ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားဖူးသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly