အမျိုးသမီးများကို အကာအကွယ်ပေးနိုင်မည့် သီးသန့်ဥပဒေများ ပြဋ္ဌာန်းရန်လိုအပ်

By ချမ်းငြိမ်း
09 December 2019
အမျိုးသမီးများကို အကာအကွယ်ပေးနိုင်မည့် သီးသန့်ဥပဒေများ ပြဋ္ဌာန်းရန်လိုအပ်
ပုံ - WLB(fb)နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်ခံ ပပျောက်ရေးနေ့ အထိမ်းအမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၉။        ။ အမျိုးသမီးများကို အကာအကွယ် ပေးနိုင်မည့် သီးသန့်ဥပဒေများ ပြဋ္ဌာန်းပေးရန်လို အပ်သလို ရှိပြီးသား  ဥပဒေများကလည်း အကာအကွယ်မပေးဘဲ ဖိနှိပ်သည့် ဥပဒေများ ဖြစ်နေကြောင်း အမျိုး သမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ)တည်ထောင်ခြင်း နှစ်(၂၀)ပြည့် အခမ်းအနား သဘော ထား ထုတ်ပြန်ချက် တစ်စောင်ကို ဒီဇင်ဘာလ ၉ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် နော်ဆဲဆဲက မဇ္ဈိမ၏ ဆက် သွယ် မေးမြန်းမှုကို အထက်ပါ အတိုင်းပြောလိုက်ခြင်း ဖြစ်သည်။

နော်ဆဲဆဲက “အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက် မှုဆိုင်ရာ ကိစ္စရပ်ပဲ ပြောပြော အမျိုးသမီးတွေကို အကြမ်း ဖက်မှုပဲ ပြောပြော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပဲ ပြောပြော သေချာ သီးသန့် အကာအကွယ် ပေးရမယ့် ဥပဒေ တွေ ပြဋ္ဌာန်းပေးဖို့လိုမယ်။ တချို့သော ဥပဒေတွေ ကလည်း အမျိုးသမီးတွေကို ပိုပြီးတော့ အကြမ်းဖက်မှုကို ပံ့ပိုး စေတဲ့ ဥပဒေတွေ ရှိသလို တချို့လည်း အကာအကွယ် မပေးဘဲ ဖိနှိပ်တဲ့ ဥပဒေတွေ လည်း ရှိတယ်” ဟု ပြော သည်။

မျိုးစောင့်ဥပဒေကဲ့သို့သော ဥပဒေသည် အမျိုးသမီးများကို အကာအကွယ် မပေးသည့်အပြင် အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး စာချုပ်ပါ အချက်များနှင့် ဆန့်ကျင်နေသည့်အတွက် ပယ်ဖျက်ပေးရန် လို ကြောင်း ၎င်းက ပြောသည်။

တရားလွှတ်တော် ရှေ့နေဦးရောဘတ်စန်းအောင်က မြန်မာနိုင်ငံတွင် ရှိသော ဥပဒေများကို မှန်မှန်ကန်ကန် ကျင့်သုံးမှု အားနည်းနေရာ ဥပဒေအသစ်များ ထပ်ပြီး ထုတ်ပါက ပိုဆိုးသွားနိုင်ကြောင်း၊ တရားရုံးများ၏ စွမ်းရည် အဆင့်အတန်းကို မြှင့်ပေးရမည်ဖြစ်ကြောင်း ဆိုသည်။

“တရားရုံးတွေ ရဲ့ စွမ်းရည် အဆင့်အတန်းကို မြှင့်ပေးရမယ်။ ဥပဒေအသစ် ထပ်ထုတ်စရာမလိုဘူး။ တစ်လင် တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့မှာလည်း မိန်းကလေး တွေရဲ့ အခန်းကဏ္ဍကို ထိခိုက်တာတွေ အများ ကြီး ဖြစ်နေတယ်။ ဘာလဲဆိုတော့ ဥပဒေအတိုင်း ကျင့်သုံးမှု မရှိ လို့။ မလိုတမာစိတ်ရှိတဲ့ လင်ယောကျားက သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို ဓားစာခံနဲ့ စကားပြောခိုင်းလိုက်မယ်။ မတ်တပ်ရပ် စကားပြောနေတာနဲ့ တစ်လင်တစ်မယား ဥပဒေ ဖွင့်နေပြီ။ အဲဒီလိုဖွင့်နေတဲ့ အခါကျတော့ မိန်းကလေးက နစ်နာတယ်။ ဘာလဲဆိုတော့ ဥပဒေ စိုးမိုးမှုမရှိလို့” ဟု ၎င်းက ပြောသည်။

အမျိုးသမီးများအဖွဲ့ ချုပ်( မြန်မာနိုင်ငံ-WLB )ကတော့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံနေ ခြင်းများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် လူ့အခွင့် အရေး ချိုးဖောက်မှုများကို ဆက်လက် ဖော်ထုတ် သွားမည်ဖြစ်ပြီးကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ လူတိုင်းအတွက် လူ့အခွင့်အရေး၊ တရာမျှတရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ဆက်လက်လှုပ် ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း WLB တည်ထောင်းခြင်း နှစ်(၂၀)ပြည့် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးစာချုပ် (CEDAW)ကို မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ် ကတည်းက အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု မပြုရေးအတွက် သဘောတူစာချုပ်ကို လက်မှတ် ရေး ထိုးထား သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required