၂ဝ၁၉ ၏ နောက်ဆုံးပြိုင်ပွဲ ONE: Mark of Greatness မှ ပေးသည့် သင်ခန်းစာ ၄ ခု

၂ဝ၁၉ ၏ နောက်ဆုံးပြိုင်ပွဲ ONE: Mark of Greatness မှ ပေးသည့် သင်ခန်းစာ ၄ ခု

၂ဝ၂ဝခုနှစ်အတွင်း နောက်ဆုံး ONE Championship ပြိုင်ပွဲအဖြစ် ကျင်းပသော ONE: Mark of Greatness ကို ဒီဇင်ဘာ ၆ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တွင် ကျင်းပခဲ့သည်။ စုစုပေါင်း တွဲဆိုင်း ၁၃ တွဲဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပခဲ့သည့် အဆိုပါ ပြိုင်ပွဲကြီးတွင် ပရိသတ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်စေသည့် ယှဉ်ပြိုင်မှုများဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲကြီး အပြီးတွင် ပရိသတ်များ ရလိုက်သည့် သင်ခန်းစာများကို သုံးသပ်တင်ပြ လိုက်ရပါသည်။

(၁) လင်းလက် လာတော့မည့် မြန်မာကြယ်ပွင့်

Mark of Greatness ပြိုင်ပွဲတွင် မြန်မာ ပရိသတ်များ အတွက် မှတ်မှတ်ရရ အရှိနိုင်ဆုံး ပွဲတစ်ပွဲမှာ မြန်မာ ကိုယ်စားပြု ယှဉ်ပြိုင်သည့် ချင်းလူမျိုး “Dragon Leg” တီရဲလ်ထန် နှင့် တောင်ကိုရီးယား အားကစား သမား Kim “The Kid” Woon Kyoum တို့၏ပွဲ ဖြစ်ပေ လိမ့်မည်။ ယင်းပွဲတွင် တီရဲလ်ထန်သည် Kim ကို တစ်ပွဲလုံး အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး မတ်တပ်ရပ် တိုက်ခိုက်မှုရော၊ မြေပြင် နပမ်း ပိုင်းပါ ထိထိမိမိ တိုက်စစ်ဆင်နိုင် ခဲ့သဖြင့် ပွဲအပြီးတွင် ဒိုင် ၃ ယောက် စလုံး ပေးသော အနိုင်ရလဒ်ကို ရရှိခဲ့သည်။ အကယ်၍ တီရဲလ်ထန်သာ ဒုတိယ အချီတွင် အခွင့်အရေး အချို့ကို အသုံးချနိုင် ပါက အလဲထိုး ရလဒ်ဖြင့်ပင် နိုင်နိုင်သော ပွဲဖြစ်သည်။

ယင်းပွဲသည် တီရဲလ်ထန် အတွက် ဒုတိယမြောက် ONE Championship ပွဲဖြစ်ပြီး ပထမပွဲ ပြီးကတည်းက ရှစ်လခန့် ပွဲဆက် ပြတ်နေပြီး ယခုမှ ပြန်လည် ကစားခွင့် ရခြင်းဖြစ်သည်။ ယင်းကာလအတွင်း စိတ်ဓာတ်မကျဘဲ အပြင်းအထန် ကြိုးစားလေ့ကျင့် ခဲ့သဖြင့် ယခုပွဲတွင် တစ်ပွဲလုံး လက်စွမ်း အသာဖြင့် ကစားပြနိုင်ခဲ့ခြင်း ဖြစ်သည်။ တီရဲလ်ထန်၏ စနစ်ကျသော လေ့ကျင့်မှုနှင့် မဆုတ်မနစ် ကြိုးစား အားထုတ်မှုက နိုင်ပွဲများ ဆောင်ကျဉ်းပေး ခဲ့ကာ ၎င်းကို နောက်ထပ် လင်းလက် လာမည့် မြန်မာကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်လာစေကြောင်း သင်ခန်းစာ ရရှိစေသည်။

(၂) အခြေမလှခဲ့သည့် အိမ်ရှင် ကစားသမားများ

ယခုပြိုင်ပွဲတွင် မလေးရှားမှ နာမည်ကြီး ထိပ်တန်း ကစားသမားများ ဖြစ်သော Jihin “Shadow Cat” Radzuan, Agilan ”Alligator” Thani နှင့် “Jungle Cat” Muhammad Aiman တို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြရာ Thani တစ်ဦးသာ အမေရိကန်သား Dante Schiro ကို အမှတ်ဖြင့် ကပ်နိုင်ခဲ့ပြီး ကျန်ကစားသမား နှစ်ဦးစလုံး ရှုံးနိမ့်ခဲ့သည်ကိုတွေ့ရသည်။ Radzuan သည် ရှုံးပွဲလုံးဝ မရှိသေးသည့် မျက်နှာသစ် ကစားသမား ဖိလစ်ပိုင်သူ Denice “The Menace Fairtex” Zamboanga ကို လည်းကောင်း၊ Aiman သည် တရုတ် လူငယ် ကစားသမား Chen “The Ghost” Rui ကို လည်းကောင်း အမှတ်ဖြင့် အသီးသီး ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် အားကစား ပြိုင်ပွဲများတွင် အိမ်ရှင် ကစားသမား များသည် ပရိသတ်၏ အားပေးမှုကြောင့် သော်လည်းကောင်း၊ ဒိုင်များ၏ မျက်နှာသာ ပေးမှုကြောင့် သော်လည်းကောင်း ဧည့်သည် ပြိုင်ဘက်ထက် တစ်ပန်းသာလေ့ ရှိသည်ကို တွေ့ရသည်။ ONE Championship ပြိုင်ပွဲတွင်မူ အိမ်ရှင်နှင့် ဧည့်သည် ကစားသမားများ အကြား ကြီးမားသည့် ကွာဟမှု မရှိဘဲ အမှန်တကယ် လက်စွမ်း ပြနိုင်သူများသာ အနိုင်ရနိုင် ကြောင်းကို ယခုပြိုင်ပွဲက သင်ခန်းစာ ပေးခဲ့သည်။

(၃) စံချိန်ကောင်းများကို ဆက်ထိန်းနိုင်ခဲ့ ကြသူများ

Mark of Greatness ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် ကစားသမားများ အနက် အချို့ ကစားသမား များသည် နိုင်ပွဲဆက် စံချိန်နှင့် ရှုံးပွဲမရှိ စံချိန်ကောင်းများကို ပိုင်ဆိုင်ထား ကြပြီး ယင်းစံချိန်ကောင်း များကို ဆက်ထိန်းထား နိုင်ခဲ့သူ အများအပြား ရှိခဲ့သည်။ ကစားသမား ဘဝတစ်လျှောက် ရှုံးပွဲမရှိ ပွဲတိုင်းအနိုင်ရ ထားသူများ ဖြစ်သည့် ၅ ပွဲဆက် အနိုင်ရသူ Zamboanga, ၆ ပွဲဆက် အနိုင်ရသူ Bokang “Little Giant” Masunyane နှင့် ၃ ပွဲဆက် အနိုင်ရသူ Yoon “The Big Heart” Chang Min တို့သည် လည်းကောင်း၊ ရှုံးပွဲလုံးဝ မရှိဖူးသည့် မျက်နှာသစ် ကစားသမား Rayane Bastos သည် လည်းကောင်း နိုင်ပွဲများ အသီးသီး ရရှိခဲ့သဖြင့် ၎င်းတို့၏ စံချိန် ကောင်းများကို ဆက်ထိန်းထား နိုင်ခဲ့သည်။

သို့သော် ကစားသမားဘဝ တစ်လျှောက် ရှုံးပွဲမရှိ ပွဲတိုင်းနိုင် ထားသည့် ၆ပွဲဆက် အနိုင်ရသူ Schiro နှင့် ၃ ပွဲဆက် အနိုင်ရသူ Sovannahry "The Sweet Savage" Em တို့သည် လည်းကောင်း၊ နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲဆက် အနိုင်ရထားသူ Gary “Saint Lion” Mangat နှင့် ၃ ပွဲဆက်တိုက် အနိုင်ရထားသူ Ryuto “Dragon Boy” Sawada တို့သည် လည်းကောင်း ရှုံးပွဲတွေ့ခဲ့ သဖြင့် စံချိန်များ ပျက်ခဲ့ရသည်။ စံချိန်ဟူသည် တစ်ချိန်တွင် ကျိုးရမည် ဖြစ်သော်လည်း အကောင်းဆုံး ပြင်ဆင်မှုနှင့် ကြိုးစားအားထုတ်မှု ရှိသူများသာ စံချိန်ကောင်းများကို ရှည်ကြာသည်ထက် ရှည်ကြာအောင် ထိန်းနိုင်မည် ဖြစ်ကြောင်း သင်ခန်းစာ ရရှိစေသည်။

(၄) ချန်ပီယံခါးပတ်နှင့် လွဲချော်ခဲ့ရသည့် တရုတ်ကစားသမားများ

ယခုပြိုင်ပွဲတွင် ONE Championship ၌ ယခင်က ချန်ပီယံ မရှိဖူးသေးသည့် ဝိတ်တန်းနှစ်ခု အတွက် ချန်ပီယံလုပွဲ နှစ်ပွဲ ကစားခဲ့သည်။ ၎င်းတို့မှာ Kickboxing စတောဝိတ်တန်း ချန်ပီယံခါးပတ် အတွက် ထိုင်းကစားသမား Sam-A Gaiyanghadao နှင့် တရုတ် ကစားသမား “Golden Boy” Wang Junguang တို့သည် လည်းကောင်း၊ Kickboxing ဘင်တန်ဝိတ်တန်း ချန်ပီယံ ခါးပတ်အတွက် ရုရှား ကစား သမား Alaverdi “Babyface Killer” Ramazanov နှင့် တရုတ် ကစားသမား “Muay Thai Boy” Zhang Chenglong တို့သည် လည်းကောင်း ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ခေါင်ပွဲတွင် ကစားခဲ့သည့် Sam-A နှင့် Wang တို့၏ ချန်ပီယံလုပွဲသည် ဝါရင့် ကစားသမားကြီးနှင့် လက်စွမ်းထက် လူငယ်တို့ တွေ့သည့်ပွဲ ဖြစ်သဖြင့် အကြိတ်အနယ် ရှိခဲ့ပြီး အတင်းဝင် အတင်းထွက် ရဲရဲတင်းတင်း တိုက်စစ်ဆင်သည့် Wang ကို Sam-A က တစ်ပွဲလုံး ဝါသမ္ဘာဖြင့် ထိန်းကစား ခဲ့သည်။ ယင်းပွဲတွင် အရှုံးအနိုင် ပြတ်ပြတ်သားသား မပေါ်သဖြင့် အမှတ်ဖြင့် ဆုံးဖြတ်ရာ အရွယ်နှင့် မလိုက်အောင် သက်လုံ အပြည့်ဖြင့် ပြိုင်ဘက်ကို ထိန်းချုပ်ခဲ့သည့် Sam-A က အနိုင်ရခဲ့သည်။ ဒုတိယ ချန်ပီယံလုပွဲ တွင်လည်း Ramazanov က Zhang ကို အမှတ်ဖြင့် ထပ်မံ အနိုင်ရ ပြန်ရာ တရုတ် ကစားသမား နှစ်ဦးလုံး လက်စွမ်း ကောင်းသော်လည်း ချန်ပီယံ ဖြစ်ရန် ကံခေခဲ့သည့် ပွဲဟု သင်ခန်းစာ တစ်ခု ရရှိခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly