နယူးဇီလန်တွင် မီးတောင်ပေါက်ကွဲ၊ လူတစ်ချို့ ဒဏ်ရာရပြီး အများအပြား ပျောက်ဆုံးနေ

နယူးဇီလန်တွင် မီးတောင်ပေါက်ကွဲ၊ လူတစ်ချို့ ဒဏ်ရာရပြီး အများအပြား ပျောက်ဆုံးနေ

ဒီဇင်ဘာ ၉။            ။ နယူးဇီလန်နိုင်ငံက ကျွန်းတစ်ခုပေါ်တွင် ဒီဇင်ဘာ ၉ ရက်မှာ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နိုင်ငံရှိ အဖြူရောင်ကျွန်းပေါ်တွင် အဆိုပါ မီးတောင်ပေါက်ကွဲမှု ဖြစ်ချိန် ယင်းအနီးအနားပတ်ဝန်းကျင်မှာ ခရီးသွားဧည့်သည် ၁၀၀ ဝန်းကျင်ခန့် ရောက်ရှိနေခဲ့ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်းက ပြောသည်။

လက်ရှိအချိန်တွင် ပျောက်ဆုံးနေသူများ ရှိနေကြောင်း၊ အရေအတွက် အတိအကျ မသိရသေးကြောင်း ၎င်းက ပြောသွားသည်။

“ ဒီဖြစ်စဉ်ကို စောင့်ကြည့်နေရပါတယ်၊ ဒီမီးတောင်ပေါက်ကွဲပြီး ထိခိုက်မှုတွေ ကြုံရနိုင်တဲ့သူတွေအတွက် ကျွန်မတို့ ဆုတောင်းပေးကြပါတယ်” ဟု သူမက ပြောသွားသည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာ အာဏာပိုင်များသည် ဒဏ်ရာရရှိသူများကို အမြန်ဆုံး ကူညီကုသပေးနိုင်ရန် လုပ်ဆောင်နေပြီး ပျောက်ဆုံးနေသူများကိုလည်း ရှာတွေ့နိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

မြောက်ပိုင်းကျွန်း၏ အရှေ့ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၅၀ ခန့်အကွာတွင် တည်ရှိသော အဆိုပါ ကျွန်းပေါ်တွင် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ခွဲ ခန့်က မီးတောင်စတင်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

မီးတောင်ပေါက်ကွဲပြီး မီးခိုးများ၊ အစအနများ လေထဲ မှုတ်ထုတ်လျက် ရှိကြောင်း အာဏာပိုင်များက ပြောသည်။

အဖြူရောင်ကျွန်း မီးတောင်သည် နယူးဇီလန်တွင် အလှုပ်ရှားဆုံး မီးတောင်များအနက် တစ်ခု ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly