အထည်ချုပ်စက်ရုံများတွင် သင်ကြားရေးပိုင်းကို စနစ်တကျလုပ်ပါက ကျွမ်းကျင်လုပ်သား ရှားပါးမှု ဖြေရှင်း

အထည်ချုပ်စက်ရုံများတွင် သင်ကြားရေးပိုင်းကို စနစ်တကျလုပ်ပါက ကျွမ်းကျင်လုပ်သား ရှားပါးမှု ဖြေရှင်း
ဓာတ်ပုံ - လာဘ်ရတနာဗိုလ်

ရန်ကုန်။    ။ ဒီဇင်ဘာ ၈ရက်။               ။ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင်  သင်ကြားရေးပိုင်းကို စနစ်တကျလုပ်ပါက ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာကိုဖြေလျော့နိုင်မည်ဟု အောင်မြင်မှုအထည်ချုပ် သင်တန်း ကျောင်း၏ မန်နေဂျာ မနှင်းဖြူဖြူအေးက ပြောသည်။

ဒီဇင်ဘာ၈ရက်နေ့က Melia Hotelတွင်  ပြုလုပ်ခဲ့သည့် အောင်မြင်မှု အထည်ချုပ်သင်တန်း၏ ဒုတိယကြိမ်မြောက် စက်ရုံတွင်း သင်တန်းစတင်ဖွင့်လှစ်သည့်အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

"အဓိကကတော့ ကျွမ်းကျင်လုပ်သားလိုတာပေါ့ စက်ရုံတိုင်းမှာလည်း မတူညီတဲ့ စက်ရုံမှာ မတူညီတဲ့ လိုအပ်ချက်တွေရှိတယ်ပေါ့နော်။ အကောင်းဆုံးကတော့ အောင်မြင်မှုလိုသင်တန်းမျိုးထက်စာရင် စက်ရုံထဲမှာ ကိုယ့် ဘာ သာစနစ်တကျ Training line တွေက ပိုပြီးထိရောက်တယ်။ စက်ရုံထဲမှာ Training lineကိုသင်ရင် ပိုပြီးတော့ လေ့လာပြီးသားဖြစ်တယ်။ သင်ယူပြီးသားဖြစ်တယ်။ အထည်ချုပ်စက်ရုံမှာလိုအပ်ချက်တေတွဖြစ်တဲ့ စက်တွေ နဲ့လည်း သင်ယူပြီးသားဖြစ်တယ်။ နောက်တစ်ခုကျတော့ လုပ်ငန်းခွင်ထဲမှာ သိရမယ့် လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေ အကြောင်းအရာတွေကိုလည်း သင်တန်းသင်နေရင်းနဲ့ တခါတည်းသိသွားတဲ့အခါကျတော့ စက်ရုံထဲမှာ Training line လုပ်တာကတော့ တခြားသင်တန်းတွေထက်စာရင် ပိုပြီးတော့ ထိရောက်တယ်"ဟု ၎င်းကဆိုသည်။

အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်းသည် ရွေ့ပြောင်းအလုပ်သမားများ၊ ရန်ကုန်သို့လာ၍ အထည်ချုပ်စက်ရုံတွင်အလုပ်လုပ်ချင်သူများအား ကောင်းမွန်သည့် လုပ်ငန်းခွင်ရရှိရေးအတွက် သင်တန်းပေးခြင်း၊ ကျွမ်းကျင် လုပ်သားအင်အားလိုအပ်နေသည့် အထည်ချုပ်စက်ရုံများတွင် သင်တန်းပေးခြင်းများအား လုပ်ဆောင်နေသည်။

"အမဆိုလို့ရှိရင် အရင်အော်ပရေတာလုပ်တုန်းက training အော်ပရေတာပဲ ကိုယ်လည်းပြန်ဝင်ရတယ်။ ကိုယ်လည်းကျွမ်းကျင်နဲ့ဝင်တာမဟုတ်ဘူးပေါ့။ ကိုယ့်ကိုသင်ပေးတဲ့ trainerဆရာတွေက စိတ်မရှည်ဘူး။ သင်ယူမှုက စိတ်မရှည်ဘူး။ နောက်ပြီးတော့ အမတို့သင်ရတာဆိုလို့ရှိရင် တစ် set နှစ် set ပဲသင်ရတယ် " ဟု ပဲခူး My Port အထည်ချုပ်စက်ရုံတွင် သင်တန်းဆရာအဖြစ်လုပ်ဆောင်နေသည့် မဇင်ဝေက ပြောသည်။

မြန်မာနိုင်ငံတွင်၂၀၁၉ခုနှစ် နိုဝင်ဘာလအထိ CMPနှင့် CMPတဆင့်ခံ အထည်ချုပ်စက်ရုံပေါင်း ၃၈၉ရုံ၊ အထည်ချုပ်လုပ်သားဦးရေ ၃၃၈၃၁၉ဦးရှိကာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ကရင်ပြည်နယ်၊ နေပြည်တော်ကောင် စီစသည့် တိုင်းဒေသကြီး ပြည်နယ်များတွင် အထည်ချုပ်စက်ရုံများဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရသည်။

၂၀၁၈ ဖေဖော်ဝါရီလမှ ဧပြီလအထိ ကောက်ယူခဲ့သည့် ပထမအကြိမ်နှစ်စဉ် လုပ်သားအင်အားစစ်တမ်းအစီရင်ခံစာအရ အထည်ချုပ်လုပ်သားအင်အား ၉၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသမှ မြို့ပြသို့ပြောင်းရွှေ့ကာ အသက်မွေးဝမ်းကျောင်းအတွက် လာရောက်ကြသည့် အမျိုးသမီးရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြောင်းသိရသည်။
    

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly