အပြည် ပြည်ဆိုင်ရာတရားရုံး တွင် သွားရောက်ဖြေရှင်းမည့် ဒေါ်အောင်ဆန်းစုကြည်အဖွဲ့အား ပုသိမ်မြို့တွင် ထောက်ခံပွဲပြုလုပ်

အပြည် ပြည်ဆိုင်ရာတရားရုံး တွင် သွားရောက်ဖြေရှင်းမည့် ဒေါ်အောင်ဆန်းစုကြည်အဖွဲ့အား ပုသိမ်မြို့တွင် ထောက်ခံပွဲပြုလုပ်
ဓာတ်ပုံ - စည်သူမောင်မောင်

ပုသိမ်၊ ဒီဇင်ဘာ ၈။                ။ အပြည် ပြည်ဆိုင်ရာတရားရုံး တွင် သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား ထောက်ခံပွဲကို ဒီဇင်ဘာလ၈ရက်နေ့က ပုသိမ်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ခံပွဲသို့ တိုင်းဒေသကြီးအစိုးရ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ပြည်သူများ တက်ရောက်ခဲ့သည်။

“ကျွန်တော်တို့ပြည်သူပြည်သားတွေအားလုံးဟာ ပူးပေါင်းပါဝင်ဆောင်ရွက်မယ်၊ဒါမှ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံတော်သစ်ကြီးကို အမေဒေါ်အောင်ဆန်းစုကြည်နဲ့အတူသွားနိုင်မယ်၊ဒီအချိန်မှာ စည်းရုံးကြပါ ပါဝင်ကြပါ ကိုယ် နိုင်ငံအကျိုးအတွက် အားကြိုးမာန်တက်ဆောင်ရွက်ကြပါ”ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ထောက်ခံပွဲအပြီးတွင် ပြောသည်။

“ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ၊နိုင်ငံအကျိုးစီးပွားကို ကာကွယ်ပေးနေသော ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြ၊ICJတွင် နိုင်ငံတော်အကျိုးစီးပွားအတွက် သွားရောက် ဖြေရှင်းမည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ အောင်မြင်ပါစေ “ စသည့် ကြွေးကြော်သံများဖြင့် ထောက်ခံသူများက ပုသိမ်မြို့တွင်း ချီတက်ကြွေးကြော်ခဲ့ကြသည်။

“ဒေါ်အောင်ဆန်းစုကြည်သွားနေတဲ့နိုင်ငံရေးလမ်းကြောင်းကို က မေတ္တာတရားတွေ ထုံလွှမ်းတဲ့ နိုင်ငံရေးဖြစ်တယ်လို့ နားလည်ယုံကြည်ထားတယ်၊ဒေါ်အောင်ဆန်းစုကြည် အင်အားဟာ ပြည်သူဖြစ်တယ်၊ ဒါကြောင့်မို့ အခု ဒေါ်အောင်ဆန်းစုကြည်သွားတာဟာ တစ်နိုင်ငံလုံး အကျိုးစီးပွားကို ကာကွယ်ဖို့ တစ်နိုင်ငံလုံးရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ သွားတယ်လိုယူဆတယ်။ ပုသိမ်မြို့သူမြို့သားများနဲ့ ဧရာဝတီတိုင်းသူတိုင်းသားများက အ မေရဲ့နောက်မှာ တသွေးတည်း တသားတည်းရှိကြောင်းပြသခြင်းလို့ ဝန်းရံထောက်ခံတဲ့ပွဲကို ကျင်းပရခြင်းဖြစ်တယ်” ဟု ပွဲကျင်းပစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးဇော်ထိုက်ကပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည် ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန် ရန်အတွက် ယနေ့ နံနက်ပိုင်းက နေပြည်တော်မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ အထူး လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly