မန်ချက်စတာဒါဘီမှာ ʻʻမျောက်အော်သံနဲ့ အမူအယာပြုလုပ်တဲ့’ ပရိသတ်ကို တစ်သက်တာ ပွဲကြည့်ခွင့် ပိတ်ပင်ပေးဖို့ တောင်းဆိုလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာဒါဘီမှာ ʻʻမျောက်အော်သံနဲ့ အမူအယာပြုလုပ်တဲ့’ ပရိသတ်ကို တစ်သက်တာ ပွဲကြည့်ခွင့် ပိတ်ပင်ပေးဖို့ တောင်းဆိုလိုက်တဲ့ ဆိုးလ်ရှား
Photo: EPA

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက စနေနေ့က အသင်းရဲ့ ဘရာဇီးလ်ကစားသမား ဖရက်ဒ်ကို ပစ်မှတ်ထားပြီး မျောက်လို အော်ဟစ်ပြီး လူမျိုးရေးခွဲခြားတဲ့ ပရိသတ်တစ်ယာက်ကို တစ်သက်တာ ပွဲကြည့်ခွင့်ပိတ်ပင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ မြို့ခံပြိုင်ဘက်ကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ ဒါဘီပွဲစဉ်မှာ လက်ရှိချန်ပီယံ မန်စီးတီးအိမ်ကွင်း အီတီဟဒ်ရဲ့ ထောင့်တစ်နေရာက အနည်းငယ်သော မန်စီးတီးပရိသတ်အုပ်စုတစ်ခုဟာ ဒုတိယပိုင်းမှာ အခုလို အရုပ်ဆိုးအကျည်းတန်ဖွယ်ရာတွေ ပြုလုပ်ခဲ့တာပါ။

ဒီဒါဘီပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ ပရိသတ်အချို့ဟာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ်ကို လူမျိုးရေးခွဲခြားတဲ့ အပြုအမှုတွေနဲ့ လှောင်ပြောင်ခဲ့ကြသလို ထောင့်ကန်ဘောကန်ဖို့လာတဲ့ ဖရက်ဒ်ကိုလည်း ပစ္စည်တွေ၊ ရေဘူးတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။

ဒါ့အပြင် အဲဒီပရိသတ်အုပ်စုထဲက စီးတီးပရိသတ်တစ်ယောက်ဟာ သူနဲ့အနည်းငယ်ကွာဝေးတဲ့ ယူနိုက်တက်က ဖရက်ဒ်နဲ့ လင်းဂတ်တို့ကို မျောက်လို အမူအယာမျိုးလုပ်ခဲ့ပုံရပြီး အဲဒီဗီဒီယိုဟာ ဆိုရှယ်မီဒီယာထက်မှာ ပျံ့နှံ့သွားပါတယ်။

ဆိုးလ်ရှားက ဖရက်ဒ်နဲ့ အသင်းဖော် ဂျက်စ်လင်းဂတ်တို့ နှစ်ယောက်စလုံးဟာ လူမျိုးရေးခွဲခြားခံရခြင်းကြောင့် "ထိခိုက်မှု"ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း နော်ဝေသားနည်းပြကြီးက အရေးယူပြစ်ဒဏ်ပေးမှုကို စီးတီးအသင်းအနေနဲ့မဟုတ်ဘဲ သက်ဆိုင်ရာ လူပုဂ္ဂိုလ်တစ်ဦးကိုသာ ပေးသင့်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

"ကျနော်တို့ သူ့ကို ဘာလို့ အသိတရား မပေးနိုင်ခဲ့တာလဲ? ဒါက မန်စီးတီးရဲ့ အမှားမဟုတ်ပါဘူး။ သူ့ရဲ့ အမှားပါ။ ဒါက အသိတရားရှိသင့်တယ်။ မန်စီးတီးကို ဘောလုံးကလပ်အနေနဲ့ ဘာမှမဆိုင်ပါဘူး။"လို့ ယူနိုက်တက်နည်းပြက ပြောပါတယ်။

"သူ့ကို ကင်မရာပေါ်မှာ မြင်တွေ့ခဲ့လိုက်ရပါတယ်။ သူဟာ ဘောလုံးကွင်းထဲကို ပွဲကြည့်ဖို့ ဘယ်တော့မှ နောက်ထပ် ခွင့်မပြုသင့်ပါဘူး။ ဒါဟာ လုံးဝလက်ခံလို့မရတဲ့ အရာတစ်ခုပါပဲ။"

ဒီအဖြစ်အပျက်နဲ့ ပတ်လက်လို့ မန်စီးတီးအသင်းဘက်ကလည်း လူမျိုးရေးခွဲခြားမှုကို လုံးဝသည်းခံမှာမဟုတ်ဘဲ ကလပ်အသင်းမှ တာဝန်ရှိသူတွေဟာ မန်ချက်စတာ ရဲအဖွဲ့ (GMP)နဲ့ ပူးပေါင်းဆောင်နေပြီး ဒါကို ရှင်းလင်းအောင် လုပ်ဆောင်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly