ဥပုသ်စောင့်မယ့်သူတွေ အစာအိမ်ကျန်းမာရေးအတွက် အကြံပြုချက် (၈) ချက်

ဥပုသ်စောင့်မယ့်သူတွေ အစာအိမ်ကျန်းမာရေးအတွက် အကြံပြုချက် (၈) ချက်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

အခါကြီးရက်ကြီးနေ့တွေမှာ ဥပုသ်သီလဆောက်တည်၊ ကုသိုလ်ယူဖို့ စိတ်ကူးထားတယ်ဆိုရင် မမေ့သင့်တာတစ်ခုရှိတယ်နော်။ အစာအိမ်ကျန်းမာရေးပါပဲ။ ဒီခန္ဓာကိုယ်ကျန်းမာနေမှ ကိုယ်လုပ်ချင်တဲ့ ကုသိုလ်အလုပ်ကို လုပ်နိုင်မှာလေ။ မဟုတ်ရင် တရားထိုင်ဖို့နေနေသာသာ အိပ်ရာထဲလဲတော့မှ အာရုံလည်းမရ၊ တရားလည်းမရနဲ့ ဝေဒနာချည်းရှုနေရပါ့မယ်။

ဥပုသ်သီလယူပြီဆိုမှတော့ ညနေစာမစားရတဲ့အခါ ဗိုက်အောင့်လေထ ဖြစ်တတ်ကြပါတယ်။ ဥပုသ်စောင့်တာ အလေ့အကျင့်ရနေပြီးသားလူတွေရော၊ အခုမှစပြီး  ဥပုသ်စောင့်ဖူးတဲ့သူတွေရော သတိထားဖို့က အစာအိမ်အတွက် ဉာဏ်သုံးဖို့ပါ။ ဥပုသ်စောင့်ရင်း ကျန်းမာရေးလည်းမထိခိုက်၊ အေးအေးချမ်းချမ်းသီလ ဆောက်တည်နိုင်ဖို့အတွက် ဒါလေးတွေ ဖတ်ထားလိုက်ပါဦး။
(၁) မနက်စာ စားဖြစ်အောင်စားပါ

မနက်စာမစားရင် ဒါမှမဟုတ် ဖြစ်သလိုစားရင် တစ်နေ့လုံး ဆာလောင်မှုပိုခံစားရစေပါတယ်တဲ့။ ဆာလောင်မှုကိုလျော့ပါးစေနိုင်တဲ့ မနက်စာတွေထဲမှာ ကြက်ဥ၊ ဂျုံကြမ်းပေါင်မုန့်၊ ကွေကာနဲ့ အသီးအနှံတွေပါဝင်ပါတယ်။
(၂) ပရိုတင်းဓာတ်လုံလောက်အောင်စားပါ

ပရိုတင်းဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့အပြင် သူ့ရဲ့ထူးခြားချက်တစ်ခုက ဗိုက်ပြည့်နေတဲ့ခံစားချက်ကို အချိန်ကြာကြာထိန်းပေးထားနိုင်တာ တခြားဓာတ်တွေထက်သာပါတယ်တဲ့။
(၃) အမျှင်ဓာတ်များတဲ့အစားအစာတွေကိုရွေးချယ်ပါ

ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ဟင်းနုနယ်၊ဘယ်ရီသီး၊ ထောပတ်သီး၊ အုတ်ဂျုံ၊ ကွေကာ စတာတွေလို အမျှင်ဓာတ်များတာတွေက ဗိုက်ပြည့်တင်းတိမ်မှုကိုထိန်းပေးထားနိုင်ပြီး တော်တော်နဲ့မဆာစေပါဘူး။ အဆာပိုခံစေပါလိမ့်မယ်။
(၄) ကာဗိုဟိုက်ဒရိတ်အစားအစာတွေစားပါ

ပရိုတင်းဓာတ်၊အဆီဓာတ်တွေနဲ့မတူဘဲ ကာဗိုဟိုက်ဒရိတ်တွေက ခန္ဓာကိုယ်ကို အချိန်အတော်ကြာရေဓာတ်ထိန်းထားနိုင်စေပါလိမ့်မယ်။ ဒီအချက်က ဥပုသ်ချိန်အတွက် ပြင်ဆင်ချိန်မှာအရေးကြီးပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့ ဥပုသ်တွင်း မနက်ပိုင်းမှာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကို စားပေးနိုင်ပါတယ် ။
(၅) စားထားပါ ဒါပေမယ့် အလွန်အကျွံမစားပါနဲ့

မွန်းတည့်ချိန်မတိုင်မီ ပမာဏနည်းနည်းနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေစားထားရင် ဥပုသ်ချိန်အတွင်း ဆာလောင်မှုမရှိဘဲ တင်းတိမ်နေနိုင်ပါလိမ့်မယ်။ ညနေကျ မဆာအောင်လို့ မနက်မှာ အများကြီးစားထားမှဖြစ်မယ်ဆိုပြီး အလွန်အကျွံစားရင် တကယ်ဆာလာတဲ့အချိန် များများစားမှဖြစ်မယ့်အနေအထားကိုရောက်သွားနိုင်ပါတယ်။
(၆) ရေသောက်ပါ

တစ်ခါတလေ ရေဆာတာကို ဗိုက်ဆာသလိုထင်မိတတ်ပါတယ်။ ဗိုက်ဆာနေရင်လည်း ရေသောက်လိုက်ရင် ဗိုက်ဆာတာသက်သာသွားတာမျိုး။  ရေသောက်ပေးတာက အစာမရှိတဲ့အစာအိမ်ကို နှစ်သိမ့်ပေးရာရောက်သလို ဆာလောင်မှုကို သက်သာစေပါတယ်။ အချိုရည်သောက်တာလည်းဆာလောင်မှုကိုသက်သာစေတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်များနေသူတွေအတွက် အဆင်မပြေနိုင်တဲ့အတွက် ရေကိုသာသောက်တာ အန္တရာယ်ကင်းပါတယ်။
(၇) သကြားလုံး သို့မဟုတ် ထန်းလျက်စားပါ

အချိုလေးစားပေးတာက ဗိုက်ပြည့်တင်းတိမ်ကြောင်း ဦးနှောက်ကိုသတင်းပို့ပြီး လှည့်စားလို့ရနိုင်ပါတယ်။ဒါ့ကြောင့်ပဲ မြန်မာ့ရိုးရာထန်းလျက်ကို သံဃာတော်တွေဘုဉ်းပေးကြတာဖြစ်ပါတယ်။
(၈) အစာအိမ်လေဆေးဆောင်ထားပါ

တကယ်လို့ ညဘက်ကျ လေထိုးလေအောင့်ဖြစ်လာရင် အစာအိမ်ကို ထိခိုက်မခံပါနဲ့။ ရင်ပူတာ၊ အစာစားချိန်မမှန်လို့ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ၊ လေထိုးလေအောင့်တာ စတဲ့ ဝေဒနာတွေဖြစ်လာရင် antacid လို အစာအိမ်လေဆေးတွေ သောက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly