အမေရိကန်နှင့် တာလီဘန်အကြား ဆွေးနွေးပွဲ ကာတာတွင် ပြန်လည် စတင်

အမေရိကန်နှင့် တာလီဘန်အကြား ဆွေးနွေးပွဲ ကာတာတွင် ပြန်လည် စတင်

ဒီဇင်ဘာ ၈။           ။ အမေရိကန်နှင့် တာလီဘန်အဖွဲ့အကြား ဆွေးနွေးမှုကို ဒီဇင်ဘာ ၇ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြန်လည်စတင်ခဲ့ကြောင်း နှစ်ဘက်စလုံးက ပြောသည်။

သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ပြီးခဲ့သည့် သုံးလခန့်က အမေရိကန်အတွက် အရှည်ကြာဆုံး စစ်ပွဲကို အဆုံးသတ်စေနိုင်မည့် သံတမန်ရေးရာ အားထုတ်မှုများကို ရုတ်ခြည်းရပ်ဆိုင်းခဲ့ပြီးနောက် ယခုအခါ ဆွေးနွေးမှုများကို ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလက အမေရိကန်နှင့် တာလီဘန်တို့သည် နှစ်ဘက်အကြား သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလုနီးပါး အခြေအနေအထိ ရောက်ခဲ့ကြသည်။ ယင်းသဘောတူညီချက်အရ ဆိုလျင် ဝါရှင်တန် အနေဖြင့် အာဖဂန်နစ္စတန်မှ တပ်ဖွဲ့ဝင်ထောင်ချီကို ပြန်လည်စတင်ရုပ်သိမ်းရရန် ရှိနေခဲ့သည်။

သို့သော် ယင်းလမှာပင် သမ္မတ ထရမ့်သည် တာလီဘန်နှင့်အကြား နှစ်ချီကြာမြင့်သည့် ငြိမ်းချမ်းရေး အားထုတ်မှုများ အဆုံးသတ်သွားပြီးဟု ဆိုင်းမဆင့် ဘုံမဆင့် ပြောဆိုခဲ့ပြီး အဆိုပါ အဖွဲ့ကို ဝါရှင်တန်ဆီ ဖိတ်ခေါ်ပြီး လျှို့ဝှက်ဆွေးနွေးမည့် အစီအစဉ်ကိုပါ ပြန်ရုပ်သိမ်းခဲ့သည်။

“အမေရိကန်အနေနဲ့ တာလီဘန်တို့နဲ့အကြား ဆွေးနွေးမှုတွေကို ဒိုဟာမှာ ဒီကနေ့ ပြန်စတင်ခဲ့ပါတယ်၊ ဆွေးနွေးမှုတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဖဂန်နိုင်ငံတွင်း အကြမ်းဖက်မှုတွေ လျော့ကျသွားစေဖို့ပါ” ဟု အမေရိကန် သတင်းရင်းမြစ်တစ်ဦးက ပြောသွားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly