ကြံတင်ကားများကို တန်ပိုတင်ဆောင်ခွင့်မပြုသဖြင့် ဆန္ဒထုတ်ဖော်

ကြံတင်ကားများကို တန်ပိုတင်ဆောင်ခွင့်မပြုသဖြင့် ဆန္ဒထုတ်ဖော်

မန္တလေး၊ ဒီဇင်ဘာ ၇ ။       ။ ကြံတင်ကားများကို တန်ပိုပေးဆောင်တင်ပို့ရလျှင် လက်ရှိစျေးကွက်အနေအထားအရ အဆင်မပြေခြင်းကြောင့် တန်ပို တင်ဆောင်ခွင့် ပြည်ထောင်စုအစိုးရထံတင်ပြထားသော်လည်း မထူခြားသဖြင့် မြို့နယ်လေးခုမှ ကြံစိုက်တောင်သူ နှစ်ထောင်ကျော်က ဒီဇင်ဘာ ၇ ရက်နေ့တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။

ဆန္ဒထုတ်ဖော်ရာတွင် ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်၊ မဘိမ်းမြို့နယ်နှင့် တကောင်းမြို့နယ်များရှိ တောင်သူဦးရေ နှစ်ထောင်ကျော်နှင့်ကြံသယ်ကားငါးရာကျော်က ထီးချိုင့်မြို့နယ် မြတောင်လမ်းခွဲမှ မြတောင်တန်ပိုစစ်ဆေးရေးဂိတ် အထိ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

`` စက်ရုံကို အရောက်ပို့စနစ်နဲ့ ကြံတစ်တန်ကို သုံးသောင်းကိုးထောင်ကျပ်စျေးပဲရပါတယ်၊ ကြံခုတ်လုပ်သားခ၊ ကြံတင်ကြံ သယ်ကားခတွေနဲ့တွက်ချက်လိုက်ရင် သတ်မှတ်တန်ချိန်အတိုင်းတင်ပို့ရင်တော့ ဘယ်လိုမှ တွက်ချေမကိုက်ပါဘူး၊ အဲဒါကြောင့် ကင်းလွတ်ခွင့်တောင်းဆိုတာဖြစ်ပါတယ်၊ ခွင့်ပြုချက်မရရင်တော့ သယ်ဆောင်မှုတွေမလုပ် တော့ပဲ ကားတွေ၊ လုပ်ငန်းတွေကို ရပ်နားထားမှာဖြစ်ပါတယ်``ဟု ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးချိုတူးကပြော သည်။

ယခင်နှစ်များက ကြံရာသီချိန်တွင် ဒေသထွက်ကုန်သီးနှံ ကြံသယ်ယူသည့်ကားများအား တန်ပိုကင်းလွတ်ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင် ကင်းလွတ်ခွင့်မပြုသဖြင့် ယခုကဲ့သို့ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
ယခုကိစ္စနှင့်ပက်သက်၍ လမ်းတံတားတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် ကြံစိုက်တောင်သူများတို့ တန်ပိုစစ်ဆေးရေးဂိတ်ရုံးတွင် တွေ့ဆုံခဲ့ပြီး တန်ပိုကင်းလွတ်ခွင့်မပေးပဲ ပထဆုံးဖြတ်သန်းချိန်ကို မှတ်တမ်းတင်ကာ နောက်တခေါက်ထပ်မံဖြတ်သန်းချိန်တွင် တန်ပိုမကောက်ပဲ ခွင့်ပြုပေးမည့် ပုံစံမျိုး ပေးမည်ဟု ညှိနှိုင်းခဲ့သော်လည်း ကြံစိုက်တောင်သူများက ကျေနပ်မှုမရှိခြင်းကြောင့် ပြေလည်မှုမရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကြံစိုက်တောင်သူများက ကြံကားများကို ကသာတံတားပေါ်တွင် နောက်ဆုတ်ခြင်းမရှိပဲ လက်ရှိအချိန်အထိ စီတန်းရပ်နားထားကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly