AA စစ်ဦးစီးချုပ်၏မိသားစုကို မြန်မာဘက်ပြန်မလွှဲပေးရန် UN နှင့် OIC အဖွဲ့ဝင်နိုင်ငံတစ်ခု ဖိအားပေး

AA စစ်ဦးစီးချုပ်၏မိသားစုကို မြန်မာဘက်ပြန်မလွှဲပေးရန် UN နှင့် OIC အဖွဲ့ဝင်နိုင်ငံတစ်ခု ဖိအားပေး
 ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဖမ်းဆီးခံရသော မနှင်းဇာဖြူနှင့် သား/သမီးများကိုတွေ့ရစဉ်။

ရန်ကုန်၊ ဒီဇင်ဘာ ၇ ။        ။ ရခိုင်တပ်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ မိသားစုကို မြန်မာဘက်ပြန်မလွှဲရန် ကုလသမဂ္ဂ(UN) အဖွဲ့အစည်း တစ်ခုနှင့် OIC အဖွဲ့ဝင် နိုင်ငံတစ်ခုက ထိုင်းအစိုးရကို ဖိအားပေးနေမှုများရှိနေခြင်းကြောင့် အလွှဲ အပြောင်း မဖြစ်ဘဲ ကြန့်ကြာနေကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ မဇ္ဈိမသို့ ပြောသည်။

ထိုင်းအာဏာပိုင်များသည် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး မနှင်းဇာဖြူနှင့်အတူ အသက် ၁၁ နှစ် အရွယ် သမီး မစောပြည့်ရှင်၊ အသက် ၁ နှစ်ကျော်အရွယ် သားဖြစ်သူ မောင်မြတ်လင်းဇံတို့ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၄ ရက်က ဗီဇာသက်တမ်းတိုးရန် လာရောက်စဉ် ဖမ်းဆီးခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့သို့ ရဟတ်ယာဉ် ဖြင့် ခေါ်ယူကာ မြန်မာအစိုးရထံ လွှဲပြောင်းပေးရန် စီစဉ်ခဲ့သော်လည်း UN နှင့် OIC အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက ဖိအားပေး တားဆီးနေခြင်းကြောင့် မလွှဲဖြစ်ဘဲ ယနေ့ချိန်ထိ ဖြစ်နေကြောင်း သိရသည်။

အစိုးရနှင့် နီးစပ်သူက တစ်ဦးက “ ဒီဘက်ကလည်း သွားစောင့်ပါတယ်။ ဒါပေမယ် မလွှဲဖြစ်ပါဘူး။ နောက်ဆုံး သိရတာက လွှဲ/မလွှဲကိစ္စကို ထိုင်းတရားရုံးက အဆုံးအဖြတ်ရမှ လွှဲဖြစ်မယ်လို့ သိရပါတယ်။ တပ်ဘက်ကတော့ ဘာမှ ဝင်မပြောသေးဘူး။ UN ကတော့ OIC ဘက်က အကူအညီ တောင်းပုံရပါတယ် (ဒါကကျနော့် အထင်ပါ)၊ လွှဲမပေးဖို့ပေါ့ အဲဒါနဲ့ အခုထိ မလွှဲဖြစ်သေးတာ၊ OIC အဖွဲ့ဝင် နိုင်ငံအမည်ကတော့ မသိရသေးပါ” ဟု ပြော သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူ မနှင်းဇာဖြူ (ခ) မဇာဇာနှင့် သား/သမီး နှစ်ဦးကို ထိုင်း အာဏာပိုင်များက မြန်မာနိုင်ငံဘက်ကိုပြန်မလွှဲပေးရန် မျှော်လင့်ကြောင်း၊ ထိုင်းအစိုးရ အနေဖြင့် လူ့ အခွင့် အရေးကို လေးစားသည့် တိုင်းပြည်ဖြစ်သည့်အတွက် မိခင်နိုင်ငံသို့ ပြန်ပို့ပါက အန္တရာယ်ရှိနိုင်ကြောင်း၊ ပြန်ပို့ မည်ဟုလည်း မထင်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဇနီး မနှင်းဇာဖြူကို တွေ့ရစဉ်။ ဓာတ်ပုံ - Hning Zar Phyu (fb)

“ထိုင်းဘက်ကလည်း ဘာမှ အပစ်မရှိတဲ့ မိသားစုဝင်တွေကို လူ့အခွင့်အရေးအရ အကောင်းဆုံး အကာအကွယ် ပေးလိမ့်မယ်လို့  ကျွန်တော်တို့ဘက်က မျှော်လင့်တာပေါ့ ” ဟု ၎င်းက  မဇ္ဈိမသို့ ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး မနှင်းဇာဖြူနှင့် သား/သမီးတို့ကို ထိုင်းအာဏာပိုင်များက နေထိုင်ခွင့် ကျော်လွန်နေခြင်းကြောင့် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မနှင်းဇာဖြူ၏ အဖေဖြစ်သူ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက  စိတ်ပူပန်ကြောင်း အစိုးရ(မြန်မာအစိုးရ)ထံ ဆက်သွယ်လာခဲ့ကြောင်း မဇ္ဈိမမှ စုံစမ်း သိရှိရသည်။
ထို့နောက် AA သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မြန်မာစစ်တပ်အနေဖြင့် စစ်ဘက်နှင့် မသက်ဆိုင် သူများကို ဖမ်းဆီးမှုများ မလုပ်သင့်ကြောင်း ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့  AA စစ်ဦးစီးချုပ်၏ မိသားစုဝင်များ ဖမ်းဆီးခံရသည့် ကိစ္စရပ်နှင့်ပတ်သက်၍ အစိုးရထံသာ မေးမြန်းရန် ပြောသည်။
ထို့ကြောင့် အစိုးရနှင့် လ.ဝ.က တာဝန်ရှိသူ တချို့ထံ မဇ္ဈိမက ဆက်သွယ်သော်လည်း သတင်းရေးသားချိန် အထိ(ညနေ ၃ နာရီ ၂၀ မိနစ်အထိ) ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “ ဆွေးနွေးမှုတွေ လုပ်နေတဲ့အချိန်မှာ မသက်ဆိုင် တဲ့ သူတွေကို ဖမ်းဆီးတာက ငြိမ်းချမ်းရေးရလဒ်ကို ထိခိုက်စေနိုင်တယ်။ လုပ်တဲ့သူကို အရေးယူတာ၊ ဖမ်းတာ ကတော့ ပြဿနာ မရှိဘူးပေါ့။ ဒါပေမယ့် သူနဲ့ဆွေမျိုးတော်ယုံမျှနဲ့ ဖမ်းတာဆီးတာကတော့၊ အဲလို ဖမ်းရမယ် ဆီးရမယ်ဆိုရင်တော့ ဖမ်းရမယ့်သူက တော်တော်များလိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။

လက်ရှိတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင် တို့အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက် မန္တလေးမြို့တွင် AA အဖွဲ့ဝင်များ ဖောက်ကွဲမှု လုပ်မည်ဆိုသည့် သတင်းနှင့် ဆက်စပ်ကာ မြန်မာအစိုးရက ဖမ်းဆီးခဲ့သည်။

ထို့နောက် AA စစ်ဦးစီးချုပ်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်အသင်း(စင်္ကာပူ)မှ ကိုဟိန်း ဇော်၊ ကိုထွန်းအေး၊ ကိုတင်လှိုင်ဦး၊ မအေးမြတ်မွန်တို့အား AA အဖွဲ့ကို ငွေကြေးထောက်ပံ့ခြင်း အပါအဝင် လူစု ဆောင်ပေးခြင်းနှင့် ငွေကြေးအတုလုပ်ခြင်းတို့ဖြင့် စင်္ကာပူအစိုးရက ပြည်နယ်ဒဏ်ပေးလိုက်ရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က ရန်ကုန်လေဆိပ်အရောက်မှာ မြန်မာအစိုးရက ဖမ်းဆီးခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသူများအား မြန်မာအစိုးရမှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေး ယူထားသည်။
ယခုအခါမှာတော့ AA စစ်ဦးစီးချုပ်၏ ဇနီးဖြစ်သူ မနှင်းဇာဖြူ (ခ) မဇာဇာနှင့်အတူ သား/သမီး နှစ်ဦးအား ထိုင်းအာဏာပိုင်များက ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့ကြပြီး မြန်မာအစိုးရထံ လွှဲပြောင်းပေးရန် စီစဉ်နေ ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required