ဉာဏ်ရည်တု တရားသူကြီးနှင့် ဒီဂျစ်တယ် တရားရုံးစနစ် တရုတ်မိတ်ဆက်

ဉာဏ်ရည်တု တရားသူကြီးနှင့် ဒီဂျစ်တယ် တရားရုံးစနစ် တရုတ်မိတ်ဆက်

ဟန်ကျိုး၊ ဒီဇင်ဘာ ၇ ။            ။ ဉာဏ်ရည်တုနည်းပညာ (AI) ဖြင့်ပြုလုပ်ထားသည့် တရားသူကြီးများနှင့် စီရင်ချက်များထည့်သွင်းထားသော ဒစ်ဂျစ်တယ်တရားရုံးကို တရုတ်နိုင်ငံတွင် ယခုသီတင်းပတ်အတွင်း မိတ်ဆက်လိုက်ကြောင်းသိရသည်။ အဆိုပါ ဒစ်ဂျစ်တယ်တရားရုံးကို Chat App မှတစ်ဆင့် ဝင်ရောက်နိုင်မည်ဖြစ်သည်။

blockchain နှင့် cloud computing ကဲ့သို့သော နည်းပညာများကိုသုံးပြီး ဖရိုဖရဲဖြစ်နေသည့် စနစ်များအကြား အမှုများကိုကိုင်တွယ်ရာမှာ ပိုမိုထိရောက်စေရေးအတွက် ဒစ်ဂျစ်တယ်စနစ်သုံးကြရန် တရုတ်အစိုးရမှ တိုက်တွန်း လျက်ရှိကြောင်း ပြည်သူ့တရားရုံးချုပ်က ထုတ်ပြန်သည့်မူဝါဒကြေညာချက်တွင် ဖော်ပြထားသည်။

 လူမှုမီဒီယာပလက်ဖောင်းတစ်ခုဖြစ်သည့် WeChat တွင် မိုဘိုင်းတရားရုံးကိုထည့်သွင်းထားပြီး  မတ်လကတည်း ကစ၍ ဥပဒေရေးရာနှင့် တရားစီရင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းကိစ္စပေါင်း သုံးသန်းကျော်ကို ကိုင်တွယ်ဖြေရှင်း ပေးခဲ့ပြီဖြစ်သည်။ ဒစ်ဂျစ်တယ်ကဏ္ဍနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းရန် ပထမဆုံး cyber တရားရုံးကို ၂၀၁၇ ခုနှစ်က ဟန်ကျိုးမြို့တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သရုပ်ပြသည့်အနေဖြင့် ဖန်သားပြင်ပေါ်၌ အမှုသည်များနှင့် ဉာဏ်ရည်တု (AI)  တရားသူကြီးတို့ video chat ဖြင့် အမှုအကြောင်း ဆွေးနွေးမှုကို ပြသခဲ့ပြီး ဟန်ကျိုးအင်တာနက်တရားရုံး၏ လုပ်ဆောင်ပုံများကို တာဝန်ရှိသူများ က ရှင်းပြခဲ့ကြသည်။

ဟန်ကျိုးတရားရုံးသည် အွန်လိုင်းကုန်သွယ်ရေးအငြင်းပွားမှုများ၊ မူပိုင်ခွင့်ကိစ္စများနှင့် ထုတ်ကုန်တာဝန်ယူမှု ပြသနာများကို ကိုင်တွယ်ဖြေရှင်းပေးနေရသည်။ အမှုသည်များသည် မကျေနပ်ချက်များကို အွန်လိုင်းတွင် မှတ်ပုံတင်စာရင်းသွင်းကာ တိုင်ကြားနိုင်ပြီး နောက်ပိုင်းတွင် တရားရုံး၏ကြားနာမှုကို ပြန်လည်နားထောင် နိုင်သည်။

တရုတ်နိုင်ငံတွင် မိုဘိုင်းစနစ်ဖြင့်ငွေပေးချေခြင်းနှင့် အွန်လိုင်းပေါ်ရောင်းဝယ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းနေရသည်။ ထိုကိစ္စများကို အချိန်မီဖြေရှင်းနိုင်ရေးအတွက် ဒစ်ဂျစ်တယ်စနစ်၏ ပံ့ပိုးပေးမှု ကလည်း တရားရုံးများကို တစ်စိတ်တစ်ဒေသအားဖြင့် ကူညီရာရောက်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မိုဘိုင်းအင်တာနက်အသုံးပြုမှု အများဆုံးဖြစ်ပြီး လူဦးရေ သန်း ၈၅၀ ခန့်အသုံးပြုကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly