လူငယ်ကစားသမားကို မြင်းအလားသဘောထားပါက မြင်းသာရရှိ လိမ့်မည်ဟု ဂျာဂင်ကလော့ပ်ပြော

လူငယ်ကစားသမားကို မြင်းအလားသဘောထားပါက မြင်းသာရရှိ လိမ့်မည်ဟု ဂျာဂင်ကလော့ပ်ပြော

အောက်တိုဘာ ၂၂၊ လီဗာပူးလ် ။            ။ လူငယ်ကစားသမားများကို မြင်းများအလားသဘောထားကိုင်တွယ်ပါက မြင်းများသာရရှိလာလိမ့်မည်ဟု လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ် က ပြောဆိုလိုက်သည်။

အင်္ဂလန်ယူ-၁၉ အသင်းအတွက် ငါးရက်အတွင်း သုံးပွဲကစားပြီး ဒဏ်ရာအပြင်းအထန်ရသွားခဲ့သော လီဗာပူးလ်လူငယ်ကစားသမား ဂျော်ဒန် ရော့ဆစ်တာနှင့်ပတ်သက်ပြီး ကလော့ပ်က ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

လီဗာပူးလ်ကွင်းလယ်ကစားသမားသည် အင်္ဂလန်ယူ-၁၉ အသင်း၏ ယူရိုခြေစစ်ပွဲဖြစ်သော မက်ဆီဒိုးနီးယားနှင့်ပွဲတွင် အဆင့်နှစ် ဒူးကောက် ကြောဒဏ်ရာကို ရရှိခဲ့ရာ တစ်လခန့်အနားယူရမည်ဖြစ်သည်။

ရော့ဆစ်တာသည် ပွဲတိုင်းပွဲချိန်ပြည့်ကစားခဲ့ရသော ကစားသမားသုံးဦးအနက်တစ်ဦးအပါအဝင်ဖြစ်ပြီး ကျန်နှစ်ဦးမှာ နယူးကာဆယ်ဂိုးသမား ဝုဒ်မန်းနှင့် ချယ်လ်ဆီးနောက်ခံလူ ကလာ့ဆေတာတို့ဖြစ်သည်။

ရော့ဆစ်တာဒဏ်ရာရသွားဖြင့်နှင့်ပတ်သက်ပြီး အက်ဖ်အေနှင့် အရေးပေါ်တွေ့ဆုံဆွေးနွေးခွင့်ရနိုင်မည့်နည်းလမ်းကိုလည်း ကလော့ပ်က ရှာဖွေနေသည်။

"ရော့ဆစ်တာကိစ္စကတော့ အထူးပြောချင်တဲ့အကြောင်းအရာပဲ။ သိပ်ငယ်လွန်းတဲ့ကစားသမားတစ်ယောက် ငါးရက်အတွင်းသုံးပွဲကစားရတာ ကို ကျွန်တော်မကြားဖူးဘူး။ အဲဒါပြဿနာပဲ။ အဲဒါကြောင့်ပဲ သူဒဏ်ရာရတာ။ အခုတော့ဒဏ်ရာရသွားလို့ ကျွန်တော်တို့ သူ့ကိုစောင့်ရတော့ မယ်။ နောက်နိုင်ငံတကာပွဲကာလအထိ သူကစားနိုင်မယ်မထင်ဘူး။ ဒီကိစ္စဘယ်သူ့ကိုပြောရမှန်းကျွန်တော်မသိပေမယ့် နည်းလမ်းရှာသွားမယ်။ အသက်ငယ်ပေမယ့် အရည်အသွေးမြင့်မားတဲ့သူ့ကို လက်ရှိအချိန်မှာကျွန်တော်တို့လိုအပ်နေတယ်။ သူကျွန်တော်တို့နဲ့အတူရှိနေရင် သူ့အ တွက်ကောင်းမှာဖြစ်ပေမယ့် အခုတော့အဲဒီလိုမလုပ်နိုင်တော့ဘူး"ဟု ကလော့ပ်က ပြောသည်။

ဆက်လက်၍၎င်းက "လူငယ်ကစားသမားတွေဆိုတာ ကျွန်တော်တို့အတွက် အနာဂါတ်တွေပါ။ သူတို့ကို မြင်းတွေလိုကိုင်တွယ်နေရင် ကျွန်တော်တို့ မြင်းတွေပဲရလာကြလိမ့်မယ်။ သူတို့ကို ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်"ဟု ပြောဆိုခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly