AA ခေါင်းဆောင်၏ ဇနီးနှင့် သား/သမီးတို့ ထိုင်းမှာ ဖမ်းခံရ

AA ခေါင်းဆောင်၏ ဇနီးနှင့် သား/သမီးတို့ ထိုင်းမှာ ဖမ်းခံရ
 AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဇနီး မနှင်းဇာဖြူတို့ကို တွေ့ရစဉ်။ ဓာတ်ပုံ -  မနှင်းဇာဖြူ/Facebook

ရန်ကုန်၊ ဒီဇင်ဘာ ၆ ။    ။ ရခိုင်တပ်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူ မနှင်းဇာဖြူ (ခ) မဇာဇာနှင့် သား/သမီး နှစ်ဦးကို ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးထားကြောင်း သိရသည်။

မနှင်းဇာဖြူသည် ချင်းမိုင်မြို့ရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှာ ဗီဇာသက်တမ်းတိုးရန် ဒီဇင်ဘာ ၄ ရက်နေ့က သွားရောက်စဉ်မှာ ထိုင်းထောက်လှမ်းရေးက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
 
ရခိုင်လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ် ဖမ်းဆီးခံရသူ မနှင်းဇာဖြူ၏ ဖခင်လည်းဖြစ်သူ ဦးစံကျော်လှက “ ဟုတ်တယ်  ဖမ်းခံရတာ၊ နိရဉ္စရာမှာလည်း သတင်းက တက်နေပြီး၊ အခု လောလောဆယ်တော့ ဘာမှ ပြောလို့မရသေးဘူး၊ သတင်းစောင့်နားထောင်ရတဲ့ အခြေအနေပဲ ရှိသေးတယ်”ဟု မဇ္ဈိမသို့ ပြောသည်။

ထို့နောက် မနှင်းဇာဖြူ ဖမ်းဆီးခံရခြင်းအပေါ် ပြောသင့် ပြောထိုက်သည့် ခေါင်းဆောင်များကို တင်ပြ သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

 

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ သတင်းရင်းမြစ်တစ်ဦးက “ ဟုတ်တယ် AA စစ်ဦးစီးချုပ်ရဲ့ အမျိုးသမီးကို ဖမ်းလိုက် တာ၊ ကလေး နှစ် ဦးလည်းပါတယ်။ ဘယ်လိုကြောင့် ဖမ်းတယ်ဆိုတာတော့ သေသေချာချာ မကြားရသေးဘူး၊ ဒါပေမယ့် ဗီဇာသက်တမ်းသွားတိုးတဲ့အခါမှာ ဖမ်းခံရ တာလို့ ကြားရတယ်”ဟု ပြောသည်။

ထိုင်းထောက်လှမ်ရေးများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော မနှင်းဇာဖြူနှင့်အတူ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူ မစောပြည့် ရှင်နှင့် အသက် ၁ နှစ်ကျော်ရှိ သားဖြစ်သူ မောင်မြတ်လင်းဇံတို့လည်း ပါဝင်ကြောင်း သိရသည်။

နိုင်ငံခြား သတင်းဌာနတစ်ခုဖြစ်သော RFA သတင်းဌာနနှင့် ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာနကတော့ ဖမ်းဆီးခံထားရသော မနှင်းဇာဖြူနှင့် သား/သမီး ၂ ဦးကို ဒီဇင်ဘာ ၆ ရက်နေ့ နေ့လယ် ၂ နာရီကျော်က ချင်း မိုင်မြို့ကနေ ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့သို့ ခေါ်ဆောင်သွားကြောင်း ဖော်ပြထားကြသည်။

အထက်ပါ ချင်းမိုင်မြို့ရှိ သတင်းရင်းမြစ်တစ်ဦးက “ ကျွန်တော်သိသလောက်တော့ အခုချိန်ထိ ချင်းမိုင်မှာပဲ ရှိသေးတယ်၊ ချင်းမိုင်ရဲစခန်းမှာ ခေါ်ထားတယ်၊ မယ်ဆိုင်ကို ရဟတ်ယာဉ်နဲ့  ခေါ်သွားတာမကြားမိဘူး”ဟု ပြောသည်။

မြန်မာအစိုးရနှင့် နီးစပ်သူများတချို့ကတော့ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး မနှင်းဇာဖြူကို ထိုင်းအာဏာပိုင်များက နေထိုင်ခွင့် ကျော်လွန်နေခြင်းကြောင့် ဖမ်းဆီးလိုက်ကြောင်း ကြားရ သည်ဟု ဆိုသည်။

သို့သော်လည်း မြန်မာအာဏာပိုင်များကတော့ ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး အတည်ပြုချက် မပေးကြပေ။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး AA မှသတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်သော် လည်း ဖုန်းကိုင် ဖြေခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာမသိရသေးပေ။

လက်ရှိတွင် AA စစ်ဦးစီးချုပ်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်အသင်း(စင်္ကာပူ)မှ ကိုဟိန်း ဇော်၊ ကိုထွန်းအေး၊ ကိုတင်လှိုင်ဦး၊ မအေးမြတ်မွန်တို့အား AA အဖွဲ့ကို ငွေကြေးထောက်ပံ့ခြင်း အပါအဝင် လူစု ဆောင်ပေးခြင်းနှင့် ငွေကြေးအတုလုပ်ခြင်းတို့ဖြင့် စင်္ကာပူအစိုးရက ပြည်နယ်ဒဏ်ပေးလိုက်ရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က ရန်ကုန်လေဆိပ်အရောက်မှာ မြန်မာအစိုးရက ဖမ်းဆီးခဲ့သည်။

ထို့နောက် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက် မန္တလေးမြို့မှာ AA အဖွဲ့ဝင်များ ဖောက်ကွဲမှု လုပ်မည်ကို ဖမ်းဆီးရမိ ခဲ့ရာမှ ဆက်စပ်ပြီး မြန်မာအစိုးရက ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများကို မြန်မာအစိုးရက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် အမှုဖွင့်အရေးယူ သည်။

ယခုအခါမှာတော့ AA စစ်ဦးစီးချုပ်၏ ဇနီးဖြစ်သူ မနှင်းဇာဖြူ (ခ) မဇာဇာနှင့်အတူ သား/သမီး နှစ်ဦးအား ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့ကြပြီး မြန်မာအစိုးရထံ လွှဲပြောင်း ပေးရန် စီစဉ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required