စိတ်လှုပ်ရှားစရာ အပြည့်နှင့် ONE Championship ၏ ၂ဝ၂ဝ ခုနှစ် ပထမနှစ်ဝက် ကနဦးပြိုင်ပွဲများ

စိတ်လှုပ်ရှားစရာ အပြည့်နှင့် ONE Championship ၏ ၂ဝ၂ဝ ခုနှစ် ပထမနှစ်ဝက် ကနဦးပြိုင်ပွဲများ

ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာ ပြိုင်ပွဲများကို ကျင်းပပေးနေသည့်ONE Championship သည် လာမည့် ၂ဝ၂ဝ ခုနှစ် ၏ ပထမနှစ်ဝက် အတွင်း ယှဉ်ပြိုင်မည့်ပြိုင်ပွဲများအတွက် ကနဦးပွဲစဉ်ဇယားကို ယခုလဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။ စုစုပေါင်း ပြိုင်ပွဲ ၁၂ ပွဲ၏ ကျင်းပမည့် နေ့ရက်နှင့် အချိန်များကို ကြေညာထားသည့် ယင်းပွဲစဉ်ဇယားသည် လာမည့်နှစ် ပြိုင်ပွဲများအတွက် ကနဦး ကြေညာချက်ဖြစ်ပြီး မကြာမီ ထွက်ရှိတော့မည့် ပြိုင်ပွဲပြက္ခဒိန်တွင် အသေးစိတ် ဖော်ပြချက်များ ပါဝင်မည် ဖြစ်သည်။ ၂ဝ၂ဝ ခုနှစ် တွင် စုစုပေါင်း ပြိုင်ပွဲ ၅ဝ အထိ ကျင်း ပရန် လျာထားသည့် ONE Championship ၏ ကနဦး ပွဲစဉ်ဇယားမှ ထူးခြားချက်များကို စုစည်းတင်ပြလိုက်ရပါသည်။

(၁) ပထမဆုံး တောင်ကိုရီးယား ပြိုင်ပွဲ

ONE Championship သည် ၂ဝ၁၉ ခုနှစ် အတွင်းတွင် ယခင်က တစ်ကြိမ်မှ မကျင်းပခဲ့ဖူးသည့် နိုင်ငံ ၂ နိုင်ငံတွင် ပထမဆုံး အကြိမ် ပြိုင်ပွဲကြီးများ ကျင်းပနိုင်ခဲ့သည်။ ယင်းနိုင်ငံများမှာ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပြီး ဂျပန်တွင် သမိုင်းဝင် ရာပြည့်ပွဲကြီး ONE: Century ကိုပင် ကျင်းပခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ONE Championship တိုက်ရိုက် ထုတ်လွှင့်မှုနှင့် ပြန်လည်ပြသမှုများကို အမေရိကန်နှင့် အိန္ဒိယတို့တွင် ပထမဆုံး ထုတ်လွှင့်နိုင်ခဲ့သည်။ ၂ဝ၂ဝ ခုနှစ် အတွင်းတွင် နောက်ထပ် နိုင်ငံသစ်များ ထပ်မံတိုးချဲ့ ကျင်းပနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း ထုတ်ပြန် ကြေညာထားသည်။

 

၂ဝ၂ဝ ခုနှစ် အတွင်း ပြိုင်ပွဲများ ထပ်မံတိုးချဲ့ ကျင်းပရန် လျာထားသည့် နိုင်ငံများမှာ အမေရိကန်၊ အိန္ဒိယနှင့် တောင်ကိုရီးယား နိုင်ငံတို့ ဖြစ်ကြသည်။ ယင်း ၃ နိုင်ငံအနက် တောင်ကိုရီးယားတွင် ဇွန်လ ၁၉ ရက်နေ့၌ ကျင်းပမည် ဖြစ်ကြောင်း ပွဲစဉ်ဇယားတွင် အတည်ပြု ထည့်သွင်းခဲ့ပြီး အမေရိကန်နှင့် အိန္ဒိယတို့ တွင်လည်း ကျင်းပရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းသိရသည်။ တောင်ကိုရီးယား နိုင်ငံတွင် ပထမဆုံးပြိုင်ပွဲကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးအပိတ်ပွဲအဖြစ် ကျင်းပရန် မူလက လျာထားခဲ့ သော်လည်း အကြောင်းကြောင်းကြောင့် မကျင်းပနိုင်ခဲ့ခြင်းဖြစ်ကာ လာမည့် ၂ဝ၂ဝ ခုနှစ်တွင်မှ ယင်းအစီအစဉ် အထမြောက်ဖွယ် ရှိနေသည်။

 

(၂) ပြိုင်ပွဲအများဆုံး ကျင်းပခွင့်ရသည့် နိုင်ငံများ

၂ဝ၂ဝ ခုနှစ် ၏ ပထမ နှစ်ဝက် ပွဲစဉ်ဇယားတွင် ပြိုင်ပွဲ အများဆုံး ကျင်းပခွင့်ရသည့် နိုင်ငံများမှာ နှစ်ကြိမ်စီ လက်ခံ ကျင်းပခွင့်ရမည့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံများ ဖြစ်ကြသည်။ ကျန်နိုင်ငံများ ဖြစ်သည့် ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်၊ မလေးရှားနှင့် တောင်ကိုရီးယား နိုင်ငံတို့က တစ်ကြိမ်စီ ကျင်းပခွင့်ရမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၂ဝ၂ဝ ခုနှစ်၏ ပထမဆုံး အဖွင့်ပြိုင်ပွဲကို လက်ခံ ကျင်းပခွင့်ရသည့်နိုင်ငံ ဖြစ်သော်လည်း ၆ လ အတွင်း နောက်တစ်ကြိမ် ထပ်မံ ကျင်းပခွင့် မရသည်ကို တွေ့ရသလို ONE Championship အခြေစိုက်ရာ စင်ကာပူတွင်လည်း တစ်ကြိမ်သာ ကျင်းပမည်ဟု သိရသည်။

ယင်းနိုင်ငံများထဲတွင် အထူးခြားဆုံး နိုင်ငံ တစ်နိုင်ငံမှာ ဖိလစ်ပိုင် ဖြစ်သည်။ ဖိလစ်ပိုင်သည် ONE Championship တွင် ချန်ပီယံ ကစားသမား အများဆုံး ပေါ်ထွက်ရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ပရိသတ် အားပေးမှုလည်း မြင့်မားသည်။ ထို့ကြောင့် နှစ်စဉ် ဖိလစ်ပိုင်နိုင်ငံတွင် ပြိုင်ပွဲအများဆုံး လက်ခံ ကျင်းပလေ့ ရှိပြီး ၂ဝ၂ဝ ၏ ပထမနှစ်ဝက် တွင်လည်း ၂ ပွဲ လက်ခံ ကျင်းပရန် သတ်မှတ် ထားသည်။ ONE Championship သည် မျိုးဆက်သစ် ကစားသမားများ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး ဖိလစ်ပိုင် ပြည်တွင်းလိဂ် ONE Hero Series Philippines ကို ၂ဝ၂ဝ ခုနှစ်အတွင်း စတင်ကျင်းပမည် ဟုလည်း ကြေညာထားသည်။

(၃) တတိယမြောက် ဂျပန်ပြိုင်ပွဲ

ONE Championship သည် ၂ဝ၁၉ ခုနှစ် အတွင်းတွင် ၎င်းတို့၏ ပထမဆုံး ဂျပန် ပြိုင်ပွဲကို ကျင်းပနိုင်ခဲ့သည်။ ပြီးခဲ့သည့် မတ်လ အတွင်းက ကျင်းပခဲ့သော အဆိုပါ ပြိုင်ပွဲကို ONE: A New Era ဟု အမည်ပေးခဲ့ပြီး ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ ၄ ပွဲအထိ ထည့်သွင်း ကျင်းပခဲ့ သဖြင့် ယင်းမတိုင်ခင် ကျင်းပခဲ့ပြီးသမျှ ONE Championship ပြိုင်ပွဲများထဲတွင် အကောင်းဆုံး ပြိုင်ပွဲ ဖြစ်ခဲ့သည်။ ဒုတိယမြောက် ဂျပန်ပြိုင်ပွဲကိုတော့ ONE: Century ဟု အမည်ပေးခဲ့ကာ ONE Championship ပွဲ ၁ဝဝ ပြည့် အထိမ်းအမှတ် ပွဲအဖြစ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ONE: Century ကို Part I နှင့် Part II နှစ်ပိုင်းခွဲကာ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ ၄ ပွဲဖြင့် ထပ်မံကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲတွင် ထူးခြားသည့် အခြားတွဲဆိုင်းများ အနေဖြင့် Grand Prix ပြိုင်ပွဲကြီး ၃ ပွဲ၏ ဗိုလ်လုပွဲများ ကျင်းပခဲ့သလို Shooto နှင့် Pancrase တို့၏ ချန်ပီယံများ ထိပ်တိုက် တွေ့စေသည့် ပွဲများလည်း ပါဝင်သဖြင့် ONE Championship သမိုင်းတစ်လျှောက် အကောင်းဆုံးပွဲ ဖြစ်ခဲ့သည်။ လာမည့် ၂ဝ၂ဝ ခုနှစ် တွင်လည်း ဂျပန်နိုင်ငံ၌ လက်ခံ ကျင်းပမည့် တတိယမြောက် ပြိုင်ပွဲကို ဧပြီလ ၅ ရက်တွင် ကျင်းပရန် လျာထားသည်ကို တွေ့ရသဖြင့် မည်သို့ ခမ်းနားကြီးကျယ်စွာ ကျင်းပမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

(၄) မြန်မာနိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲ မပါဝင်ခြင်း

၂ဝ၂ဝ ခုနှစ်၏ ပထမ နှစ်ဝက် ပြိုင်ပွဲများ လက်ခံကျင်းပမည့် နိုင်ငံများ စာရင်းတွင် ပုံမှန်လက်ခံ ကျင်းပနေကျ နိုင်ငံများထဲမှ မြန်မာမှ လွဲ၍ အခြားနိုင်ငံများ အားလုံး ပါဝင်လာခဲ့သည်ကို တွေ့ရသည်။ ONE Championship မှ တရားဝင် ထုတ်ပြန်ချက် မထုတ်သော်လည်း မြန်မာနိုင်ငံတွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းကြီးကို ပြန်လည် အဆင့်မြှင့်တင် ပြုပြင်မှုများ ပြုလုပ်နေသဖြင့် မကျင်းပနိုင်ခြင်း ဖြစ်ကြောင်း သုံးသပ်ကြသည်။ မြန်မာနိုင်ငံတွင် ယင်းအားကစားကွင်းကဲ့သို့ ပရိသတ်အမြောက်အမြား ကြည့်ရှုနိုင်သည့် အခြား အားကစားကွင်းမျိုး မရှိခြင်းကြောင့် ပြိုင်ပွဲများ မကျင်းပနိုင်ခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် သုဝဏ္ဏ လူငယ် အားကစား လေ့ကျင့်ရေးကွင်း ကဲ့သို့ ကြီးမားသည့် အားကစားကွင်းမျိုး ရှိပြီး အကယ်၍သာ ONE Championship က ပထမဆုံး မိုးလုံလေလုံ မဟုတ်သည့် Outdoor ပြိုင်ပွဲကြီး ကျင်းပရန် အစီအစဉ် ရှိပါက ကျင်းပနိုင်ကြောင်း အောင်လအန်ဆန်၏ မြန်မာပြည် ခရီးစဉ်တွင် ဖြေကြားခဲ့ဖူးသည်။ ထို့ကြောင့် ၂ဝ၂ဝ ခုနှစ် ၏ ဒုတိယ နှစ်ဝက်တွင် မြန်မာနိုင်ငံ ပါမည် မပါမည် ဆိုသည်ကို မခန့်မှန်း နိုင်သေးပေ။ ၂ဝ၂ဝ ပထမနှစ်ဝက် ပွဲစဉ်ဇယားတွင် မပါဝင် သေးသည့် အခြား ပြိုင်ပွဲကျင်းပဖူးသော နိုင်ငံများမှာ ကမ္ဘောဒီးယား၊ ထိုင်ဝမ်နှင့် ယူအေအီးတို့ ဖြစ်ကြသည်။

ONE: Mark Of Greatness ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းတိုင်းရင်းသား ကစားသမား ထီရယ်ထန်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

၂ဝ၂ဝ ပထမ နှစ်ဝက် ပြိုင်ပွဲများ ကနဦး ပွဲစဉ်ဇယား

  • ဘန်ကောက်၊ ထိုင်း
  • သောကြာ၊ ၁ဝ ဇန်နဝါရီ
  • မနီလာ၊ ဖိလစ်ပိုင်
  • သောကြာ၊ ၃၁ ဇန်နဝါရီ
  • ဂျကာတာ၊ အင်ဒိုနီးရှား
  • သောကြာ၊ ၇ ဖေဖော်ဝါရီ
  • စင်ကာပူ
  • သောကြာ၊ ၂၈ ဖေဖော်ဝါရီ
  • ဟိုချီမင်းစီးတီး၊ ဗီယက်နမ်
  • သောကြာ၊ ၂ဝ မတ်
  • ချုံကင်း၊ တရုတ်
  • စနေ၊ ၂၈ မတ်
  • တိုကျို၊ ဂျပန်
  • တနင်္ဂနွေ၊ ၅ ဧပြီ
  • ကွာလာလမ်ပူ၊ မလေးရှား
  • သောကြာ၊ ၂၄ ဧပြီ
  • မကာအို၊ တရုတ်
  • သောကြာ၊ ၁၅ မေ
  • မနီလာ၊ ဖိလစ်ပိုင်
  • သောကြာ၊ ၂၉ မေ
  • ဂျကာတာ၊ အင်ဒိုနီးရှား
  • သောကြာ၊ ၅ ဇွန်
  • ဆိုးလ်၊ တောင်ကိုရီးယား
  • သောကြာ၊ ၁၉ ဇွန်

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly