အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ONE Championship မြန်မာ ကစားသမားများ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ONE Championship မြန်မာ ကစားသမားများ

“အမျိုးသမီးတွေကို အကြမ်းဖက်တယ်ဆိုတာ အရမ်းဆိုးရွားတယ်လို့ ပြောလို့ရပါတယ်။ မိန်းကလေးဆိုတာ နဂိုကတည်းက အင်အား နွဲ့ပြီးသား၊ စိတ်ခံစားမှုလည်း အရမ်းနုတယ်။ ယောကျ်ား တစ်ယောက်လိုလည်း သန်မာမှုမျိုး မရှိဘူး။ မိန်းကလေး တစ်ယောက်ကို အကြမ်းဖက်တာက အနိုင်ကျင့်တဲ့ လုပ်ရပ်ပေါ့။ အဲဒီလုပ်ရပ်မျိုးကို ကျွန်မအနေနဲ့ ဆန့်ကျင်ပါတယ်”ဟု ပြောလာသူက ONE Championship ၏ တစ်ဦးတည်းသော မြန်မာအမျိုးသမီးကစားသမား ဘိုဇီနာ “တိုတို” အန္တိုနီယာ ဖြစ်သည်။

ကမ္ဘာပေါ်တွင် အမျိုးသမီးများကို အကြမ်းဖက်၊ အနိုင်အထက် ပြုကျင့်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက် ရှိနေသည်။ ကုလသမဂ္ဂမှ ကောက်ယူထုတ်ပြန်သည့် စစ်တမ်းတစ်ခုအရ ကမ္ဘာ့အမျိုးသမီးထု၏ သုံးပုံတစ်ပုံသည် အကြမ်းဖက် အနိုင်အထက် ပြုကျင့်မှုများကို ဘဝတွင် တစ်ကြိမ် ထက်မနည်း ခံခဲ့ရဖူးသည်ဟု သိရသည်။ အကြမ်းဖက်မှု ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် ထိခိုက်နာကျင် စေမှုများအပြင် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ချုပ်ချယ် နာကျင်စေမှုများကိုပါ ထည့်သွင်းသတ်မှတ်ခြင်း ဖြစ်သည်။

ထို့ကြောင့် အလားတူ အကြမ်းဖက်မှုများ ပပျောက်စေရန် ကုလသမဂ္ဂမှ ကြီးမှူး၍ နိုဝင်ဘာ ၂၅ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ထားသည်။ ကမ္ဘာတစ်ဝှမ်းမှ အမျိုးသမီးများ အဓမ္မကျင့်ခံရခြင်း၊ အိမ်တွင်း အကြမ်းဖက်ခံရခြင်းနှင့် အခြားအကြမ်းဖက်မှု အမျိုးမျိုးတို့ ကျုးလွန်ခံနေရကြောင်း ကမ္ဘာ့လူထုကို အသိပေးလှုံ့ဆော်နိုင်ရန် ရည်ရွယ်၍ ယင်းနေ့အဖြစ် သတ်မှတ်ရခြင်းဖြစ်သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ယင်းနေ့တွင် ကမ္ဘာတစ်ဝှမ်းမှ လူထုကို လှုံ့ဆော်နိုင်သည့် အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်များက အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို ကန့်ကွက်ကြောင်း သိသာထင်ရှားသည့် ဖော်ပြမှုများ ပြုလုပ်လေ့ ရှိကြသည်။

 

အဆိုပါ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် ONE Championship မှ မြန်မာ ကစားသမား များကလည်း ၎င်းတို့၏အသံများကို ထုတ်ဖော်ကာ ပြည်သူလူထုကို လှုံ့ဆော် ခဲ့ကြသည်။ အမျိုးသမီး ဖြစ်သော်လည်း တော်ရုံ အမျိုးသားများပင် မယှဉ်ပြိုင်ဝံ့သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကို ကစားနေသည့် အန်တိုနီယာ ONE Championship တွင် ၃ ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ရှိထားသူ ဖြစ်သည်။ အမျိုးသမီးဆိုသည်မှာ အမျိုးသားထက် အားနွဲ့သူဟူ ယူထားသည့် အန်တိုနီယာက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ပြင်းထန်စွာ ဆန့်ကျင်သည်ဟု ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ တကျော့ပြန်လည် ရောက်ရှိနေသည့် ONE Championship ၏ အကောင်းဆုံး ကစားသမား၊ ဝိတ်တန်းနှစ်ခု ချန်ပီယံ “မြန်မာစပါးအုံး” အောင်လအန်ဆန် ကလည်း ယင်းလှုပ်ရှားမှုတွင် ပါဝင်သွားမည်ဟု သိရသည်။ မကြာသေးမီကမှ ONE ဟဲဗီးဝိတ်ချန်ပီယံ Brandon Vera ကို အနိုင်ယူကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကို ကာကွယ်ထားသည့် အောင်လအန်ဆန်က ဥရောပသမဂ္ဂနှင့် ပူးပေါင်းကာ အိမ်တွင်း အကြမ်းဖက်မှု ခံနေရသော အမျိုးသမီးများကို အကာအကွယ် ပေးနိုင်ရန် တတ်စွမ်း သလောက် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

“EUနဲ့ ပူးပေါင်းပြီး အိမ်တွင်း အကြမ်းဖက်မှုတွေ လျော့ကျသွားစေဖို့ ပညာပေး အစီအစဉ်လေးတွေ လုပ်သွားဖို့ ရှိပါတယ်။ အဓိက ကတော့ အမျိုးသမီးတွေ အကြောင်း အမျိုးမျိုးကြောင့် အိမ်တွင်း အကြမ်းဖက်ခံ နေရတာတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ကာကွယ်နိုင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်”ဟု အောင်လအန်ဆန်က ပြောကြား ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုတွင် နောက်ထပ် ပါဝင်လာသည့် ONE Championship ကစားသမား တစ်ဦးမှာ ၂ဝ၁၆ ONE ဖယ်သာဝိတ်တန်း မြန်မာ တံခွန်စိုက် ပြိုင်ပွဲ ချန်ပီယံ “ဘူရှီဒို” ဖိုးသော် ဖြစ်သည်။ ဖယ်သာဝိတ်တန်း၏ အလဲထိုး နိုင်ပွဲ အများဆုံး ကစားသမား တစ်ဦး အဖြစ်လည်း သတ်မှတ်ခံထားရသည့် ဖိုးသော်သည် ယင်းပြိုင်ပွဲတွင် ၈ ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသည်။ ပရဟိတ လုပ်ငန်း များလည်း ဝါသနာပါကာ သွေးလှူရှင် အဖွဲ့တစ်ဖွဲ့ ကိုပင် ဦးဆောင် ဖွဲ့စည်းထားသည့် ဖိုးသော်က အမျိုးသမီးများ အပေါ် အကြမ်း ဖက်ခြင်းသည် မည်သည့် ရှုထောင့်က ကြည့်ကြည့် လက်ခံနိုင်ဖွယ်ရာ မရှိသည့် လုပ်ရပ်ဟု ဆိုသည်။

“အမျိုးသမီးတွေကို အနိုင်ကျင့်တယ်ဆိုတာ ဘာသာရေး အရရော၊ လူ့ကျင့်ဝတ်အရရော မကောင်းတဲ့အရာပါ။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားအရလည်း မကောင်းဘူး။ နိုင်ငံတကာမှာလည်း ရှုတ်ချကြတယ်။ လက်မခံကြဘူး။ အမျိုးသမီးဆိုတာ ယောကျ်ားထက် အားနည်းတဲ့သူတွေ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အပြင်းအထန်ရှုံ့ချပါတယ်”ဟု ဖိုးသော်က ပြောကြား ခဲ့သည်။

ဖိုးသော်ကဲ့သို့ပင် အမျိုးသမီးများ အပေါ် အကြမ်းဖက်ခြင်းကို ရှုံ့ချသည့် နောက်ထပ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား တစ်ဦးမှာ ONE Warrior Series မှ “The Karate Kid” စိုင်းဉာဏ်လင်း ဖြစ်သည်။ ဖိုးသော်၏ Team PT ကလပ်တွင် အတူတကွ လေ့ကျင့်နေသူ ဖြစ်သည့် စိုင်းဉာဏ်လင်းသည် OWS ပြိုင်ပွဲတွင် နောက်ဆုံး နှစ်ပွဲဆက်တိုက် အနိုင်ရထားသူ ဖြစ်ပြီး ONE Championship သို့ တက်လှမ်း နိုင်ရန် ဆန္ဒပြင်းပြ နေသူဖြစ်သည်။ မြန်မာ့လက်ရွေးစင် ကရာတေး ကစားသမားဟောင်းလည်းဖြစ်သူ စိုင်းဉာဏ်လင်းက ၎င်း၏ မကြိုက်ဆုံးသောအရာမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းပင် ဖြစ်သည်ဟု ဆိုခဲ့သည်။

“မိန်းကလေးတွေကို အကြမ်းဖက်တဲ့ လုပ်ရပ်က ဘယ်နေရာမှာ ဖြစ်ဖြစ် လက်မခံပါဘူး။ မိန်းကလေးဆိုတာ ယောကျ်ားလေးနဲ့ မတူဘူး။ ခွန်အားပိုင်းကအစ ကွဲပြားကြတယ်။ ယောကျ်ားတွေက အများအားဖြင့် ပိုသန်မာကြတယ်။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ မိန်းကလေးတွေကို ဖိနှိပ်ချုပ်ချယ်တာတွေ၊ အနိုင့်အထက် ပြုကျင့်တာတွေကို ကျွန်တော်ရှုံ့ချပါတယ်။ ကျွန်တော် မကြိုက်ဆုံးအရာ ကလည်း အဲဒါပါပဲ”ဟု စိုင်းဉာဏ်လင်းက ပြောကြားသွားခဲ့သည်။

ONE: Edge of Greatness ပြိုင်ပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး Facebook, Twitter, YouTube, and the ONE Super App တွင် ညနေ ၅ နာရီ၌ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး Skynet Sports 3 နှင့် MNTV တို့တွင် ည ၇ နာရီအချိန်၌ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly