ဆီးဂိမ်းစ် ပွဲဦးထွက်နဲ့အတူ နောက်တစ်ဆင့်တက်လှမ်းလာတဲ့ eSports

ဆီးဂိမ်းစ် ပွဲဦးထွက်နဲ့အတူ နောက်တစ်ဆင့်တက်လှမ်းလာတဲ့ eSports
Photos: AFP

အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ (ဆီးဂိမ်းစ်)မှာ eSports ကစားနည်းဟာ အဓိကအားကစားနည်းတွေထဲကို ကြာသပတေးနေ့က စတင်ဝင်ရောက်လာခဲ့ပါတယ်။ ဒါဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဆုတံဆိပ်ပြိုင်ပွဲတစ်ရပ်လည်းဖြစ်ပါတယ်။

ကျင်းပလျက်ရှိတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ eSports ကစားနည်းတွေထဲက Mobile Legends, Arena of Valor, Dota 2, Starcraft II, Tekken 7 နဲ့ Hearthstone ဂိမ်းတို့ကို နိုင်ငံ (၉)နိုင်ငံမှ ကစားသမားတွေက (၆)ရက်ကြာ ဆုတံဆိပ်အတွက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Esports ကစားနည်းဟာ ပြီးခဲ့တဲ့နှစ်ရဲ့ အာရှပြိုင်ပွဲများမှာ သရုပ်ပြကစားနည်းတစ်ခုအဖြစ်သာ ပါဝင်ခဲ့ပေမယ့် လာမယ့် ၂၀၂၂ အာရှအားကစားပြိုင်ပွဲမှာ ဆုတံဆိပ်ပြိုင်ပွဲအဖြစ် ထည့်သွင်းသွားမှာလည်းဆိုတာ မသေချာသေးပါဘူး။

"ဒီဟာက အလွန့်၊အလွန်ကို သမိုင်းဝင်တဲ့နေ့ပါ။ ဘာလို့လဲဆိုတော့ eSports ကို ပထမဦးဆုံးအကြိမ်အနေနဲ့ အရှေ့တောင်အာရှပြိုင်ပွဲများမှာ ယှဉ်ပြိုင်ကစားသွားမှာမို့လို့ပါ။"လို့ မြို့တော်ဝန် ဖရန့်စစ် ဇာမိုရာက ပရိသတ် (၅,၅၀၀)ဆံ့ San Juan Arena မှာ ပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။

ဖိလစ်ပိုင်ဆီးဂိမ်းစ်မှာတော့ နိုင်ငံပေါင်း (၁၁)နိုင်ငံမှ စံချိန်တင် အားကစားနည်း (၆၅)မျိုးထိ ထည့်သွင်း ကျင်းပခဲ့ပြီးတော့ အဲဒီအထဲမှာမှ အားကစားနည်းသစ်ဖြစ်တဲ့ eSports ကိုလည်း ထည့်သွင်းယှဉ်ပြိုင်စေကာ ဂိမ်းအမျိုးအစားလိုက် ရွှေတံဆိပ် (၆)ဆုထိ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဆီးဂိမ်းစ်ရဲ့ eSports ကဏ္ဍဟာ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စတင်ခဲ့ပြီး Hearthstone, Starcraft II နဲ့ Mobile Legends တို့ကတော့ အဖွင့်နေ့မှာတင် စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံကလည်း ဒီ eSports ကစားနည်းတွေထဲက ကစားနည်း (၃)မျိုးဖြစ်တဲ့ မိုဘိုင်းဖုန်းဂိမ်းအမျိုးအစား Mobile Legends၊ PC ဂိမ်းအမျိုးအစား Dota 2 နဲ့ Arena of Valor ဂိမ်းတို့ကို ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။

ဒါပေမယ့် မြန်မာကိုယ်စားပြုအသင်း MLBB ကတော့ အုပ်စုအဆင့်ကို မကျော်ဖြတ်နိုင်ဘဲ ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာသွားခဲ့ရပါတယ်။

မြန်မာအသင်းတွေ နောက်ထပ်ယှဉ်ပြိုင်မယ့် Dota 2 နဲ့ AOV ပြိုင်ပွဲတွေကိုတော့ လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၊ အိုလံပစ်အားကစားပြိုင်ပွဲများမှာ မြန်မာအီလက်ထရွန်းနစ်အားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ပြီး မြန်မာအီလက်ထရွန်းနစ် အားကစားအဖွဲ့ချုပ် (MESF) ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly