မန်းတိုင်းအမတ်တစ်ဦးကို ပါတီတာဝန်များ NLD ရုတ်သိမ်း

မန်းတိုင်းအမတ်တစ်ဦးကို ပါတီတာဝန်များ NLD ရုတ်သိမ်း
 ပုံစာ - ပါတီတာဝန်များ ရုတ်သိမ်းခံရသည့် တိုင်းလွှတ်တော်အမတ် ဦးရဲမင်းဦး (ဓာတ်ပုံ- Ye Min Oo ဖေ့စ်ဘွတ်မှ)

မန္တလေး(ဒီဇင်ဘာ ၆ရက်၊ ၂၀၁၉ခုနှစ်)။              ။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မန္တလေးတိုင်း လွှတ်တော်အမတ်တစ်ဦးကို ဒီဇင်ဘာ ၂ ရက်နေ့တွင် ပါတီတာဝန်အသီးသီးမှ ရုတ်သိမ်းလိုက်သည်။
 
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်အမတ်ဖြစ်သူ ဦးရဲမင်းဦးကို ပါတီတာဝန်အသီးသီးမှ ရုတ်သိမ်းလိုက်ကြောင်း NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စာဖြင့် အကြောင်းကြား ခဲ့သည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က “ဆက်ဆံရေးအပိုင်းတွေ၊ တစ်ခြားအချက်အလက်တွေလည်း ရှိပါတယ်။ အသေးစိတ်တော့ ထုတ်မပြောပါဘူး။ သူ့အနေနဲ့က အယူခံခွင့် ရှိပါတယ်” ဟု ဒီဇင်ဘာ ၆ရက်တွင် မဇ္ဈိမကို ပြောသည်။

ပါတီတာဝန်အသီးသီးမှ ရုတ်သိမ်းမခံရမီက တိုင်းလွှတ်တော်အမတ် ဦးရဲမင်းဦးသည် မန္တလေးခရိုင်၊ NLD ပါတီ၏ အလုပ်အမှုဆောင်တစ်ဦးအဖြစ် နောက်ဆုံး တာဝန်ယူခဲ့သည်။

 

ဦးရဲမင်းဦး ပါတီတာဝန်များမှ ရုတ်သိမ်းခံရသည့်အပေါ် ပုသိမ်ကြီးမြို့နယ်၏ NLD ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က “အချင်းချင်းတွေ တိုင်ကြတယ်နဲ့ တူပါတယ်။” ဟု မှတ်ချက်ပြုသည်။ သို့သော် အသေးစိတ်ကို ဖြေကြားရန် ငြင်းဆိုသည်။

NLD ပါတီအနေဖြင့် ယခင်ကလည်း လွှတ်တော်အမတ်များဖြစ်သည့် မင်္ဂလာဒုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်လှိုင်ဝင်းနှင့် ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်သက်သက်ခိုင်တို့ကိုလည်း ပါတီတာဝန်များမှ ရပ်ဆိုင်းခဲ့ဖူးသည်။ ထို့နောက် ဒေါ်သက်သက်ခိုင်က NLD မှ နှုတ်ထွက်ကာ ပါတီသစ်တစ်ခု ထူထောင်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly