သမ္မတ ထရမ့်အား အာဏာအလွဲသုံးစားမှုဖြင့် အပြစ်ရှိကြောင်း အောက်လွှတ်တော်တွင် စွဲချက်တင်မည်

သမ္မတ ထရမ့်အား အာဏာအလွဲသုံးစားမှုဖြင့် အပြစ်ရှိကြောင်း အောက်လွှတ်တော်တွင် စွဲချက်တင်မည်
အောက်လွှတ်တော် ဥက္ကဌ နန်စီပီလိုစီ (Photo: EPA)

စွပ်စွဲထားသည့် အာဏာအလွဲသုံးစားပြုမှုအတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား အပြစ်ရှိကြောင်း အောက်လွှတ်တော်က စွဲချက်တင်တော့မည်ဖြစ်သည်ဟု ဥက္ကဌဖြစ်သူ နန်စီပီလိုစီက ပြောသည်။

“ကျွန်မတို့ရဲ့ ဒီမိုကရေစီဟာ ချိန်ခွင်ညှာပေါ်မှာ ရှိပါတယ်။ သမ္မတပေမယ့် ရွေးချယ်စရာမရှိဘူး၊ အရေးယူရဖို့ ဆောင်ရွက်သွားရမှာ ဖြစ်တယ်။”ဟု အောက်လွှတ်တော် ဥက္ကဌ နန်စီပီလိုစီက ပြောသည်။

ရီပတ်ဘရီကန် သမ္မတထရမ့်အား စွဲချက်တင်နိုင်ရေး ဖြစ်နိုင်ခြေကို အောက်လွှတ်တော် တရားစီရင်ရေးက စတင်စဉ်းစားသုံးသပ်ပြီး နောက်တစ်နေ့မှာပင် နန်စီပီလိုစီက ယခုကဲ့သို့ ကြေညာလာခြင်းဖြစ်သည်။

ယင်းကို သမ္မတ ထရမ့်က ဒီမိုကရက်တို့အနေဖြင့် ၎င်းအား စွပ်စွဲပြစ်တင်တော့မည်ဆိုလျှင် မြန်မြန်ဆန်ဆန်သာ ဆောင်ရွက်ကြပါဟု တုံ့ပြန်ပြောဆိုခဲ့သည်။

နန်စီပီလိုစီ၏ ပြောဆိုချက် ထွက်ပေါ်လာပြီး အချိန်တိုအတွင်းမှာပင် ထရမ့်က “ကျွန်တော်ကို စွပ်စွဲပြစ်တင်တော့မယ်ဆိုရင် ခုပဲ လုပ်ပါ၊ ခပ်မြန်မြန်ပေါ့၊ ဒါမှပဲ ဆီးနိတ်မှာ မျှတတဲ့ တရားစီရင်မှုကို ကျွန်တော်တို့ ရနိုင်မှာဖြစ်တယ်။ ဒါမှပဲ ကျွန်တော်တို့ တိုင်းပြည်ဟာ စီးပွားရေးဆီ ခြေဦးလှည့်နိုင်မှာ ဖြစ်တယ်။”ဟူ၍ တွစ်တာ၌ ရေးသားလိုက်သည်။

“အချက်အလက်တွေက သံသယကင်းတယ်။ သမ္မတဟာ ကျွန်မတို့ရဲ့ အမျိုးသားလုံခြုံရေး နယ်ပယ်ကနေ သူ့ရဲ့ တစ်ကိုယ်ရည် နိုင်ငံရေးအကျိုးအမြတ်အတွက် အာဏာအလွဲသုံးစားလုပ်ခဲ့တယ်။ ဒါကတော့ ယူကရိန်းကို စစ်ရေးအကူအညီ ပေးတာကို လက်ကိုင်တုတ် လုပ်ပြီး သူ့ရဲ့ နိုင်ငံရေးပြိုင်ဖက်ကို အကျင့်ပျက်ခြစားမှုနဲ့ ကြေညာနိုင်အောင် ထောက်လှမ်းခိုင်းတဲ့ အလဲအလှယ်ကို အလွဲသုံးစား လုပ်ခဲ့တာ ဖြစ်တယ်။”ဟု နန်စီပီလိုစီက ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ဒီမိုကရက်များအနေဖြင့် ယခုနှစ် မကုန်ခင် သမ္မတ ထရမ့်အား အပြစ်ရှိကြောင်း အောက်လွှတ်တော်၌ စွဲဆိုနိုင်ရေးအတွက် ကျားကုတ်ကျားခဲ ကြိုးပမ်းလျက်ပြီး ဆီးနိတ်တွင် တရားစီရင်မှုသည် အစောဆုံးအဖြစ်၂၀၂၀ ဇန်နဝါရီလအတွင်း ဖြစ်လာနိုင်ဖွယ်ရာ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly