မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံဖြိုးရေးအစီအစဉ် ၂၀၂၀ အား ဝင်ရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံဖြိုးရေးအစီအစဉ် ၂၀၂၀ အား ဝင်ရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

ရန်ကုန်၊ ဒီဇင်ဘာ ၅။    ။ မြန်မာနိုင်ငံအတွင်း ရှိ  အနာဂတ်မျိုးဆက်သစ် နည်းပညာစွန့်ဦးတီထွင်သူ လူငယ်များ မွေးထုတ်ပေးရန် ရည်ရွယ်ပြုလုပ်သော  မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံဖြိုးရေးအစီအစဉ် ၂၀၂၀ ကို ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက်  စိတ်ဝင်စားသည့်  ပြိုင်ပွဲဝင်လူငယ်များကို စတင်ဖိတ်ခေါ်နေပြီဖြစ်သည်။

ဒီဇင်ဘာ ၆ ရက်နေ့ ၊ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ Pan Pacific Yangon တွင်  ပြုလုပ်သော မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံဖြိုးရေးအစီအစဉ် ၂၀၂၀  မိတ်ဆက်ခြင်းအခမ်းအနားတွင်  အခုကဲ့သို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့်   MPT  နှင့်   မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်  ( MCF  ) တို့ က ၂၀၁၇ ခုနှစ်ကတည်းက  စတင်ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ၏  လူနေမှုဘဝ ကို အပြောင်းအလဲများ ဖော်ဆောင်နိုင်စေရေး ထူးခြားဆန်းသစ်သည့်  အကြံဉာဏ်ကောင်းများ နှင့်  အစွမ်းအစရှိသည့် စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်သစ်များကို  ရှာဖွေရွေးချယ်ကာ ငွေကြေးနှင့် နည်း ပညာအထောက်အပံ့များ ပေးအပ်သည့် အစီအစဉ်လည်း ဖြစ်သည်။

 

” လူငယ်တွေအကြားမှ နည်းပညာဆိုင်ရာ စွန့်ဦး တီထွင်အလေ့အထတွေကို တိုးတက်အောင် ဆောင်ရွက်ပေးခြင်းဟာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ လူငယ်တွေရဲ့ ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံ ရှေ့သို့လှမ်းချီ နိုင်စေဖို့ လူငယ်နည်းပညာ စွန့်ဦးတီထွင်  ဖွံ့ဖြိုးမှု အစီအစဉ်ကို ပူးပေါင်း ပါဝင်ပေးဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ် “  ဟု MPT – KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ   Mr.Koichi  Kasuya က ပြောသည်။

 နိုင်ငံတစ်ဝန်းရှိ လူငယ်နှစ်ဦး မှ ငါးဦးအထိ အဖွဲ့လိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး မန္တလေးအခြေစိုက် နှင့် ရန်ကုန် အခြေစိုက် ဟူ၍ ဒေသအလိုက် အနိုင်ရရှိမည့် အသင်းများကို ရွေးချယ်သွားမည်ဟု သိရသည်။

“မြန်မာနိုင်ငံက လူငယ်တွေ နိုင်ငံခြားသွားမယ်ဆိုရင် သိသာတာက ၊ နိုင်ငံခြားမှာဆိုရင် နည်းပညာလုပ်ငန်းတွေမှ တစ်ကယ် ရာထူးအကြီးကြီးတွေ ဝင်ပြီး လုပ်နိုင်တယ်။ သူတို့ စီးပွားရေး ဘက်ကနေ ပံ့ပိုးပေးလိုက်ရင် မြန်မာနိုင်ငံမှာလည်း အခွင့်အလမ်းတွေ အများကြီး ရလာနိုင်တယ်။  ကျွမ်းကျင်ပြီး သားလူငယ်တွေကို အတွေ့အကြုံ ၊ ဗဟုသုတတွေ ၊ စီမံခန့်ခွဲမှုဆိုင်ရာ  ပညာရပ်ေတွ လေ့ကျင်သင်တန်းတွေ လုပ်ပေးမယ်။  ဒီလိုမျိုးသာ ဝိုင်းပံ့ပိုးပေးရင် လူငယ်တွေရဲ့ စိတ်ကူးအိပ်မက်တွေက လွယ်လွယ်ကူကူ နဲ့ လျှင်မြန်စွာအကောင်အထည်ဖော်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဉ်လေးကို စတင်ခဲ့တာပါ”  ဟု မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံဖြိုးရေးအစီအစဉ်၏  ဥက္ကဋ္ဌဖြစ်သူ ဦးသောင်းစုငြိမ်းက ပြောသည်။

ပြိုင်ပွဲတွင်  အနိုင်ရရှိသူများကို စုစုပေါင်းငွေကျပ် ဆယ်သန်းပေးအပ်ချီးမြှင့်သွားမည့်အပြင် စီးပွားရေး လုပ်ငန်းသစ် လုပ်ကိုင်ရန် အထောက်အပံ့များနှင့် အတူ   စီးပွားရေးဆိုင်ရာ အတွေးအခေါ်များ  တိုးတက်လာစေရေး အတွက်  မြန်မာ့စီးပွားရေးလောကမှ  အောင်မြင်သူများ၏ အနီးကပ်သင်ကြားပို့ချမှု အခွင့်အလမ်းများကိုပါ ရရှိနိုင်မည်ဖြစ်သည်။

ယင်း အစီအစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ရန်  စိတ်ဝင်စားသော  လူငယ်များ၏  လျှောက်လွှာများကို   ၂၀၁၉ ခုနှစ်  ဒီဇင်ဘာ ၆ ရက်နေ့မှ စတင်လက်ခံသွားမည် ဖြစ်ပြီး ၂၀၂၀ ခုနှစ်  ဇန်နဝါရီ ၂၄ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly