သရဲနီတို့ဟာ ʻဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်’ - ဆိုးလ်ရှား

သရဲနီတို့ဟာ ʻဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်’ - ဆိုးလ်ရှား
Photos: EPA

ပရီးမီးယားလိဂ်ကြားရက်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ မန်ချက်စတာယူနိုက်တက်က တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတွေနဲ့အတူ စပါးအသင်းကို (၂-၁)နဲ့အနိုင်ရခဲ့ပြီးနောက် ဆိုးလ်ရှားက သရဲနီတို့ဟာ "ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။ ပြီးတော့ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်"လို့ ပြောဆိုသွားပါတယ်။

ယူနိုက်တက်အတွက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပင်နယ်တီသွင်းဂိုးအပါအဝင် (၂)ဂိုး သွင်းယူခဲ့ပြီး စပါးဘက်ကတော့ အလီက သွင်းယူပေးခဲ့တာပါ။

ဒီပွဲစဉ်ဟာ အမှတ်ပေးဇယားရဲ့ အမြင့်ပိုင်းတစ်နေရာကို ပိုင်ဆိုင်ဖို့ ကြိုးစားကြတဲ့ အသင်းနှစ်သင်းရဲ့ အားပြိုင်မှုဖြစ်သလို ယူနိုက်တက် နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုအတွက်လည်း အိုးထရက်ဖို့ဒ်ကို ပြိုင်ဘက်အနေနဲ့ အသင်းဟောင်းကို တစ်ကျော့ပြန် လာရောက် ရင်ဆိုင်ရတဲ့ ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။

"ရမှတ် (၃)မှတ်က ကျနော်တို့အတွက် ကြီးမားပါတယ်။"လို့ ဆိုးလ်ရှားက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒီရာသီမှာ ကျနော်တို့ သရေပွဲတွေ များလွန်းခဲ့ပြီး နိုင်ပွဲရမယ့် အခြေအနေတွေကနေ ရမှတ်တွေ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်လို့ ကျနော် ယူဆပါတယ်။ နောက်ဆုံး နှစ်ပွဲ (ရှက်ဖီးလ်နဲ့ ဗီလာ)ကနေ သင်ခန်းစာ ကောင်းကောင်းကြီးရခဲ့ပြီး ကျနော်တို့တစ်တွေ ကြီးမားတဲ့ တုံ့ပြန်မှုနဲ့ ပြန်လာနိုင်ခဲ့တယ်။"

စပါးအသင်းနဲ့အတူ နိုင်ပွဲဆက်နေတဲ့ နည်းပြ မော်ရင်ဟိုအတွက်တော့ ဒီပွဲဟာ စပါးအသင်းနည်းပြဘဝ ပထမဆုံးရှုံးပွဲပဲဖြစ်ပါတယ်။ မော်ရင်ဟိုဟာ အသင်းဟောင်းရဲ့ မန်ယူကွင်းမှာ အနိုင်ရရှိဖို့ ကြိုးစားခဲ့ပေမယ့် စပါးအသင်းရဲ့ အထနှေးမှုက မန်ယူအသင်းကို အသာရစေခဲ့တာပါ။

မော်ရင်ဟိုက "ကျနော်တို့ကတော့ အစမကောင်းခဲ့ပါဘူး။ သူတို့ကတော့ တကယ်ကောင်းမွန်ခဲ့တာပါ။ သူတို့က အဖွင့်ဂိုးရသွားသလို ဒုတိယဂိုးလည်း ရလုနီးပါးဖြစ်ခဲ့ပါတယ်။ ပထမဆုံး မိနစ် (၃၀)လောက်မှာ သူတို့က ကောင်းတဲ့အဆင့်မှာ မဟုတ်ပါဘူး။ ကျနော်တို့ထက်တော့ အများကြီးပိုကောင်းခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ကျနော်တို့တွေ အကောင်းဆုံးပြန်လာဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပေးလိုက်ရတဲ့ ဒုတိယဂိုးကြောင့် ခက်ခဲသွားခဲ့ပါတယ်။"လို့ ပြောဆိုသွားခဲ့ပါတယ်။

အဆိုပါ ရှုံးပွဲကြောင့် မော်ရင်ဟိုရဲ့ စပါးအသင်းဟာ အမှတ်ပေးဇယားအဆင့် (၈)နေရာကို ဆင်းပေးလိုက်ရပြီဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ အဆင့် (၆)နေရာကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly