ကတ်ထူပုံးတွင် ကျွန်းအငြင်းပွားမှုပါစာတန်းကြောင့် တရုတ်ပန်းသီးတင်သွင်းသူများ ဗီယက်နမ်တားမြစ်

ကတ်ထူပုံးတွင် ကျွန်းအငြင်းပွားမှုပါစာတန်းကြောင့် တရုတ်ပန်းသီးတင်သွင်းသူများ ဗီယက်နမ်တားမြစ်

ဟနွိုင်း၊ အောက်တိုဘာ ၂၂ ။           ။ တရုတ်၏ ပန်းသီးတင်ပို့သူများသည် ဗီယက်နမ်သို့ ပြန်လည်တင်ပို့လိုပါက အငြင်းပွားဖွယ်မရှိသည့် ထုတ်ပိုးမှုပုံစံသို့ ပြောင်းလဲရန် လိုအပ်တော့မည်ဖြစ်ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၂၂ တွင် ပြောကြားခဲ့သည်။

တင်သွင်းသူများလည်း ပန်းသီးများကို ဗီယက်နမ်အတွင်း တင်သွင်းလိုပါက အငြင်းပွားဖွယ် ထိုပုံးများကို ပယ်ဖျက်ရန်လိုအပ်မည်ဖြစ်ကြောင်း ကွန်နင်းပြည်နယ် အကောက်ခွန် ဒု-ညွှန်ကြားရေးမှူး ဖမ်ထရောင်ဗင်းက ဒီပီအေသတင်းဋ္ဌာနသို့ ပြောသည်။

ပန်းသီးတည့် ကတ်ထူပုံးများတွင် တျောင်ယုကျွန်းကို တရုတ်ကပိုင်သည် ဆိုသည့်စာတန်းများကို တရုတ် အင်္ဂလိပ်နှစ်ဘာသာဖြင့် ပုံနှိပ်ထားသည်ကို သတိပြုမိပြီးနောက် စက်တင်ဘာလ နောက်ပိုင်းတွင် တရုတ်ပန်းသီးတင်ပို့မှုကို လက်ခံရန် ပြည်နယ်အာဏာပိုင်များက စတင်ငြင်းပယ်ခဲ့သည်။ ယင်းပြည်နယ်က တရုတ်၏ ကွမ်ရှီးပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။

အရှေ့တရုတ်ပင်လယ်ရှိ တရုတ်အခေါ် တျောင်ယုကျွန်းကို ဂျပန်ကလည်း ပိုင်ဆိုင်သည်ဟု ပြောကြားထားသည်။ ဗီယက်နမ်လည်း တောင်တရုတ်ပင်လယ်ရှိ ပါရာဆဲလ်နှင့် စပရက်တလီကျွန်းများနှင့်ပတ်သက်၍ တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည်။ ကတ်ထူပုံးများတွင် ရေးသားထားမှုများမှာ နိုင်ငံတကာနှင့် ဗီယက်နမ်ဥပဒေများကို ချိုးဖောက်နေသည်ဟု ဗီယက်နမ်အကောက်ခွန်ဋ္ဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်၏ ဝါဒဖြန့်ချိမှုတွင် တောင်တရုတ်ပင်လယ်အပေါ်တရုတ်၏ အချုပ်အချာအာဏာပိုင်ဆိုင်မှုကြီးမားကြောင်း ဖော်ပြထားသည့် မြေပုံများနှင့် တရားဝင်ခရီးသွားစာရွက်စာတမ်းများတွင်လည်း ပိုင်ဆိုင်ကြောင်းဖော်ပြထားသည့် ပန်းချီပုံရိပ်များသုံးထားမှုတို့ပါဝင်နေသည်ဟု ဝေဖန်သူများကပြောသည်။ ဗီယက်နမ်နှင့် ဂျပန်အပြင် တရုတ်သည် ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ဘရူနိုင်းတို့နှင့်ပါ ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly