ကနေဒါဝန်ကြီးချုပ် ထရူးဒိုးသည် ရိုးသားမှုမရှိဘဲ လိမ်လည်လှည့်ဖြားတတ်သူဟု ဒေါ်နယ်ထရမ့် ပြောဆို

ကနေဒါဝန်ကြီးချုပ် ထရူးဒိုးသည် ရိုးသားမှုမရှိဘဲ လိမ်လည်လှည့်ဖြားတတ်သူဟု ဒေါ်နယ်ထရမ့် ပြောဆို

ဒီဇင်ဘာ ၅ ။           ။ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးသည် ရိုးသားမှု မရှိဘဲ လှည့်ဖြားတတ်သူ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်သည်။

နေတိုး ခေါင်းဆောင်များ ဆုံတွေ့သည့် အစည်းအဝေးတစ်ခုတွင် ၎င်း (ထရမ့်) အား ထရူးဒိုးက လှောင်ပြောင်ပြောဆိုနေပုံရသည့် ဗီဒီယိုတစ်ခု ထွက်ရှိလာသည့်အပေါ် ထရမ့်က အထက်ပါအတိုင်း တိုက်ခိုက်ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထွက်ပေါ်လာသည့် ဗီဒီယိုထဲတွင်  ကနေဒါ ဝန်ကြီးချုပ် မစ္စတာ ထရူးဒိုး၊ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်၊ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန် တို့ ဆုံတွေ့ပြီး မစ္စတာ ထရမ့် ကျပန်း လက်တန်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုနေခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။

ကနေဒါ အသံလွှင့်ဌာန CBC က တွစ်တာပေါ် တင်ခဲ့သည့် ယင်းဗီဒီယိုအတိုလေးတစ်ခုထဲတွင် မစ္စတာ ထရူးဒိုးသည် မစ္စတာ ဂျွန်ဆင်၊ မစ္စတာ မက်ခရွန်၊ နယ်သာလန် ဝန်ကြီးချုပ် မာ့ခ် ရုသ်၊ ဗြိတိန် ဘုရင်မကြီး အဲလိဇဘတ်၏ သမီး မင်းသမီး အန်နီ တို့နှင့်အတူ ဘက်ကင်ဟမ် နန်းတော်တွင် ဆုံတွေ့ စကားပြောဆိုနေခဲ့ကြသည်ကို တွေ့ခဲ့ရသည်။

ဗီဒီယို အစပိုင်းတွင် မစ္စတာ ဂျွန်ဆင်က မစ္စတာ မက်ခရွန်အား “ သြော် ဒါကြောင့် ခင်ဗျား နောက်ကျနေတာပေါ့ ဟုတ်လား” ဟု မေးခဲ့သည်။

ယင်းအချိန်တွင် မစ္စတာ ထရူးဒိုးက “ ဟုတ်တယ်၊ သူ နောက်ကျနေတယ်၊ ဘာကြောင့်လဲဆိုတော့ မိနစ် ၄၀ ကြာ သတင်းစာရှင်းလင်းပွဲတစ်ခုကို ဗြုန်းစားကြီး ထလုပ်နေရတယ်လေ” ဟု ကြားဖြတ်ဝင်ပြောခဲ့သည်ကို တွေ့ခဲ့ရသည်။

ယင်းနောက် ၎င်းတို့အကြား အပြန်အလှန် ပြောဆိုမှုများရှိခဲ့ပြီး ယင်းစကားသံများကို ဗီဒီယိုထဲတွင် ကောင်းကောင်းမကြားရခဲ့ပေ။ ယင်းနောက် မစ္စတာ ထရူးဒိုးက ရယ်ပြီး “ သူ့ အဖွဲ့ ပါးစပ်အဟောင်းသား ဖြစ်နေတာကိုပဲ ကျွန်တော် ကြည့်နေခဲ့ရတာပေါ့” ဟု ပြောခဲ့သည်။

ယင်းဗီဒီယိုထဲတွင် တွေ့ခဲ့ရသော ထရူးဒိုး၏ မှတ်ချက်စကားများနှင့်ပတ်သက်၍ ထရမ့်ကို မေးမြန်းရာတွင် ထရမ့်က “ သူက ရိုးသားမှုမရှိတဲ့ သူပဲဗျ၊ အစကတော့ သူ့ကို ရိုးသားသိမ်မွေ့သူတစ်ယောက်လို့ သိခဲ့တာ၊ ဒါပေမယ့် တကယ် အမှန်က သူတို့ နိုင်ငံ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ် မထည့်တဲ့ ကိစ္စ သူ့ကို ကျွန်တော် ပြောခဲ့ပါတယ်၊ ဒါနဲ့ပတ်သက်လို့ သူ မပျော်မရွှင် ဖြစ်နေတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်” ဟု ထရမ့်က ပြောသွားသည်။

ယင်းနောက် မစ္စတာ ထရူးဒိုးက သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အဆိုပါ ဗီဒီယိုထဲတွင် ၎င်းတို့အနေဖြင့် ထရမ့်၏ သတင်းစာရှင်းလင်းပွဲကို လှောင်ပြောင်နေခဲ့ကြခြင်း မဟုတ်ကြောင်း၊  လာမယ့် ဂျီ ၇ အစည်းအဝေး ကျင်းပမယ့် နေရာအကြောင်းကိုပဲ ပြောနေကြတာဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly