အမေရိကန်နိုင်ငံသား သေဆုံးခဲ့ရသည့် တူရီသင်္ဘောများကိုစီးနင်းမှု အစ္စရေးဝန်ကြီးချုပ်ဟောင်း တရားစွဲခံရ

အမေရိကန်နိုင်ငံသား သေဆုံးခဲ့ရသည့် တူရီသင်္ဘောများကိုစီးနင်းမှု အစ္စရေးဝန်ကြီးချုပ်ဟောင်း တရားစွဲခံရ

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ-၂၂ ။          ။ ၂၀၁၀ ခုနှစ်က ဂါဇာကမ်းမြှောင်တွင် အစ္စရေး၏ ပိတ်ဆို့မှုကို ချိုးဖောက်ရန် ကြိုးစားခဲ့သည့် တူရကီသင်္ဘော ၆စင်းကို လူသေဆုံးခဲ့ရသည့် အစ္စရေး၏ စီးနင်းမှုနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ် ဘာရက်မှာ အမေရိကန်ပြည်ထောင်စုတွင် တရားစွဲခံနေရသည်။ ထိုစီးနင်းမှုကြောင့် တူရကီနှင့် အစ္စရေးကြား ဆက်ဆံရေးမှာ ယခုတိုင် တင်းမာနေခဲ့ရသည်။

စီးနင်းမှုတွင် သေဆုံးခဲ့ရသည့် ၉ယောက်အနက ၁၉နှစ်အရွယ် ဖာကန် ဒိုဂန်၏ တူရကီမိဘနှစ်ပါးက မတရားအနှိပ်စက်ခံရ၍ သေဆုံးခဲ့ရသည်ဟုဆိုကာ အောက်တိုဘာလ ၁၆ရက်နေ့တွင် လော့စ်အိန် ဂျလိစ် ဖက်ဒရယ်တရားရုံး၌ ဘာရက်ကို တရားစွဲခဲ့သည်။ လော့စ်အိန်ဂျလိစ်အနီးတွင် ဟောပြောပြီးနောက် အောက်တိုဘာ ၂၀ရက်နေ့တွင် စီးနင်းတိုက်ခိုက်ချိန်က အစ္စရေးနိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဖြစ်သည့် အီဟွတ် ဘာရက်ကို တိုင်တန်းအမှုစွဲသည့်စာများ လော့စ်အိန်ဂျလိစ် ရုံးတော်သို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် လော့စ်အိန်ဂျလိစ်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးက ဘာရက်ကို ချက်ချင်း ဆက်သွယ်နိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။

ဂျေရုစလင်တွင် အခြေစိုက်သည့် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အင်မန်နုအယ် နာရွှန်ကမူ ယခုတရားစွဲမှုမှာ အစ္စရေးနိုင်ငံတော်ကို အပြစ်ရှာတိုက်ခိုက်လိုသည့် ရည်ရွယ်ချက်ဖြင့် တရားဝင် ဥပဒေလမ်းကြောင်းကို အလွဲသုံးစားပြုလုပ်ရန် ကြိုးစားမှုတစ်ခုသာဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။   

‘ဒီလိုကိစ္စမျိုးမှာ အမေရိကန်ပြည်ထောင်စုက မီးလောင်ရာလေပင့်လုပ်မှာ မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်’’ဟုလည်း နာရွှန်းက ပြောကြားခဲ့သည်။ ၂၀၁၀ခုနှစ် မေလ ၃၁ရက်နေ့တွင် အစ္စရေးတပ်ဖွဲ့များက တူရကီတက်ကြွလှုပ်ရှားသူအများစုလိုက်ပါလာသည့် ဂါဇာသို့ချဉ်းကပ်လာသည့် သင်္ဘောအုပ်စုတစ်စုကို စီးနင်းတိုက်ခိုက်ရာ သင်္ဘော ၆စင်းအနက် အကြီးဆုံးဖြစ်သည့် မာဗီ မာမာရာပေါ်မှ တူရီကီလူမျိုး ၈ယောက်နှင့် ဒိုဂန်တို့ သေဆုံးခဲ့ရသည်။ ဒိုဂန်မှာ နယူးယောက်ဇာတိဖွား အမေရိကန်နိုင်ငံသားဖြစ်ပြီး မိဘများနှင့်အတူ တူရကီတွင် နေထိုင်နေသည်။ ထိုစဉ်က ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က စီးနင်းမှုမှာ လွံကျွံလွန်းပြီး ကျိုးကြောင်းဆီလျော်ခြင်းမရှိဟု ပြောကြားခဲ့သကဲ့သို့ တူရကီကိုလည်း အပြစ်တင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly