စီးပွားရေး ဆက်ဆံမှုခိုင်မာရန် ဗဟိုအာရှနိုင်ငံများသို့ ဂျပန်ဝန်ကြီးချုပ်ထွက်ခွာ

စီးပွားရေး ဆက်ဆံမှုခိုင်မာရန် ဗဟိုအာရှနိုင်ငံများသို့ ဂျပန်ဝန်ကြီးချုပ်ထွက်ခွာ

တိုကျို၊ အောက်တိုဘာ ၂၂ ။         ။ အရင်းအမြစ်ကြွယ်ဝသော ဗဟိုအာရှဒေသတွင် သြဇာဖြန့်ကျက်မှု တရုတ်က မြင့်တင်နေစဉ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဒေါ်လာဘီလျံများစွာတန်သော စီးပွားရေးသဘောတူညီချက်များရရှိရန် ရည်မှန်းလျက် မွန်ဂိုလီးယားနှင့် ဗဟိုအာရှငါးနိုင်ငံသို့ တစ်ပတ်ကြာခရီးစဉ်ကို အောက်တိုဘာ ၂၂က စတင်ထွက်ခွာခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်နှင့်အတူ ဂျပန်ကုမ္ပဏီ ၅၀မှ ကိုယ်စားလှယ်များလည်း လိုက်ပါသွားခဲ့သည်။ ၂၀၁၃ခုနှစ်နောက်ပိုင်း မွန်ဂိုလီးယားသို့ ပထမဆုံးခရီးစဉ်အဖြစ် ထိုနေ့ နောက်ပိုင်းတွင် အူလန်ဘာတာ မြို့တော်သို့ ရောက်ရှိမည်ဖြစ်သည်။ နောက်ပိုင်းတွင် ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန်သို့ သွားရောက်မည်ဖြစ်သည်။ ထို့နောက် ဂျပန်ဝန်ချုပ်တစ်ဦး၏ ပထမဆုံးတရားဝင်ခရီးစဉ်တစ်ခုအဖြစ် တာ့ခ်မင်နစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့သို့ သွားရောက်မည်ဖြစ်သည်။

"မွန်ဂိုလီးယားနဲ့ ဗဟိုအာရှဟာ အာရှရဲ့ ဗဟိုမှာရှိတဲ့အတွက် ပထဝီနိုင်ငံရေးအတွက် အလွန်အရေးပါပါတယ်"ဟု အာဘေးက မထွက်ခွာမီ တိုကျိုလေဆိပ်တစ်ခုတွင် သတင်းထောက်များကို ပြောကြား ခဲ့သည်။

ယင်းနိုင်ငံများမှာ သဘာဝအရင်းအမြစ်များတင်ပို့မှုအပေါ်မှီခိုနေသော်လည်း တန်ဘိုးမြင့်ထုတ်ကုန်လုပ်ငန်းများအပေါ် အခြေပြုသော စီးပွားရေးအတွက် ရည်ရွယ်နေပြီး အဆင့်မြင့်အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကြိုးပမ်းလျက်ရှိသည်။ တစ်နိုင်ငံချင်းနှင့် ဆက်ဆံရေးမြင့်တင်ချင်ကြောင်းလည်း ၎င်းကပြောသည်။

အာဘေးသည် ၂၀၁၂ခုနှစ်နောက်ပိုင်း အာဏာရကတည်းက ဂျပန်၏ စီးပွားရေးကို မြင့်တင်ရန် နိုင်ငံပေါင်းဒါဇင်ပေါင်းများစွာသို့ ခရီးထွက်ခဲ့သည်။ ယခုခရီးစဉ်အတွင်း ဂျပန်အင်ဂျင်နီယာကုမ္ပဏီ JGC နှင့် အခြားကုမ္ပဏီလေးခုသည် တာ့ခ်မင်နစ္စတန်တွင် သဘာဝဓါတ်ငွေ့ဆိုင်ရာစက်ရုံတစ်ခု တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၈ဒသမ၃ဘီလျံတန် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိမ့်မည်ဟု မျှော်လင့်ရကြောင်း Nikkei စီးပွားရေးနေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly