ကော်ရှူခြင်းကို ဥပဒေအရ တားမြစ်ရန်မဖြစ်နိုင်

ကော်ရှူခြင်းကို ဥပဒေအရ တားမြစ်ရန်မဖြစ်နိုင်
 ဒေါက်တာမြတ်ဉာဏစိုးကို တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar International Radio

ရန်ကုန်၊ နိုဝင်ဘာ ၄ ။         ။ မူးယစ်ဆေးဝါးဥပဒေ ပြင်ဆင်ထားခြင်းမရှိသည့်အတွက် ကော်ရှူခြင်းကို ဥပဒေအရ တားမြစ်ရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက မဇ္ဈိမကို ပြောသည်။ 

မူးယစ်ဆေးဝါး သုံးစွဲမှုအပေါ် ဥပဒေအရ အရေးယူမှုများ ရှိနေသော်လည်း သစ်သားဆက်ကော်၊ ပိုက်ဆက်ကော်၊ အိမ်သုံး ပစ္စည်းကော်၊ ဓာတ်ဆီ၊ ရေနံဆီ စသည်များကို ရှူရှိုက်ခြင်းသည် တလွဲ အသုံးချမှုသာဖြစ်ပြီး ဥပဒေအရ အရေးယူရန် မဖြစ် နိုင်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာမြတ်ဉာဏစိုးက “ဥပဒေအရ တားမြစ်ဖို့ မဖြစ်နိုင်ဘူး။ အဲဒါကတော့လေ Drug Law (မူးယစ်ဆေးဝါးဥပဒေ)နဲ့ပဲ ဆိုင်မယ်ဗျ။ လောလော ဆယ်တော့ Drug Law ပြင် ထားတာလည်း မရှိဘူး၊ ဘာမှလည်း မရှိဘူး။ နောက်ပြီး အဲတာက Define လုပ်ဖို့က အလွန် ခက်ပါလိမ့်မယ်၊ ကော်ရှူတယ်ဆိုတာက ဘာလဲပေါ့နော်။ မူးယစ်ဆေးဝါးဆိုတဲ့ Definition (အဓိပ္ပာယ်ဖွင့်ဆိုချက်)ထဲမှာ အဲတာကို သွားထည့်လို့ မရဘူး။ ဒါကတော့ ဒေသန္တရအမိန့်အရပဲ ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ကတော့ မြင်တာပဲ” ဟု  ပြောသည်။

မူးယစ်ဆေးဝါးအသွင် အလွယ်သုံးနေသည့် ကော်သည် Toluene၊ Acetone၊ Methyl Ethyl Ketone၊ Ethyl Aceta te  စသည့် ဓာတုပစ္စည်း လေးမျိုးကို အချိုးကျ ပေါင်းစပ်ထားသော Thinner နှင့် ရော်ဘာပြား ကော်မှုန့်တို့ကို ပေါင်းစပ်ပြီး ရရှိလာသည့် အိမ်သုံးပစ္စည်း ကော်ဖြစ်၍ ရှူရှိုက်ခြင်းသည် အလွန်အန္တရာယ်ကြီးကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းတစ်ခုတွင် ဖော်ပြထားသည်။

ဒေါက်တာမြတ်ဉာဏစိုးက “ကော်က မူးယစ်ဆေးဝါးအနေနဲ့ ထုတ်တာ မဟုတ်ဘူးလေ။ အဲဒါကို ဥပဒေကြောင်းအရ ဆောင်ရွက်လို့ မရဘူး၊ ဒီကော်ကို ပိတ်ပင်လို့ မရဘူး။ မူးယစ်ဥပဒေထဲမှာ ကော်ကို သွားထည့်လို့ မရဘူး။ ဒါက ရှူတဲ့ ဓလေ့ စရိုက်ပေါ့ဗျာ၊ ဆေးလိပ်ဆေးရွက်ကြီး ဥပဒေနဲ့တောင် သဘောသဘာဝချင်းမတူဘူး။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ထိန်းချုပ်ဖို့ဆိုရင် ရောင်းချမှုကို ထိန်းချုပ်မယ်၊ နောက်ပြီးတော့ အခွန်တိုးကောက်တဲ့ နည်းနဲ့ ထိန်းချုပ်မယ် ဒါမျိုးတွေက လုပ်လို့ရသေးတယ်။ အခု ကော်ဆိုတာက အိမ်ဆောက်ပစ္စည်းတွေ၊ တခြားအသုံးပြုဖို့ ထုတ်ထားတာ။ ဘယ်လိုတားမြစ်လို့ ရမလဲ။ ဒါက စည်းရုံး ပြီး ဆောင်ရွက်ရမှာ။ ဒါက ဥပဒေနဲ့ မဆိုင်ပါဘူးခင်ဗျ။ တလွဲအသုံးချတာသာ ဖြစ်ပါတယ်” ဟု ပြော သည်။

လက်ရှိတွင် ကော်ရှူခြင်းနှင့် ပတ်သက်၍ လွှတ်တော်၌ ဆွေးနွေးမှုများ မရှိသေးကြောင်း  မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

“လက်ရှိမှာတော့ ဒီဟာနဲ့ပတ်သက်ပြီး ဆွေးနွေးတာ မရှိသေးဘူး၊ အခုပြဿနာက ဘာလဲဆိုတော့ ကော်ရှူတဲ့ ကလေး တွေကို ကြည့်မယ်ဆိုရင် ဆင်းရဲမွဲတေမှုရယ်၊ ဒီကလေးတွေနဲ့ပတ်သက်ပြီး အမှန်တကယ်ဆိုလို့ရှိရင် သူတို့ ကော်မရှူဖို့ ဆိုရင် ဘယ်လိုပြန်ပြီး တည့်မတ်ပေးမလဲဆိုတဲ့ ကိစ္စတွေ ရှိလာတာပေါ့နော်။ အစ်မတို့အမြင်မှာ တစ်ပြိုင်နက်တည်း လုပ် ရမယ့် အချက်တွေ၊ တဖက်က ကော်မရှူနဲ့ဆိုပြီး လိုက်ပြီးတော့ တားရမှာ ဖြစ်သလို၊ တဖက်ကလည်း လူမှုရေးအရ ဘယ်လို ကူညီထောက်ပံ့ပေးမလဲ လုပ်ဆောင်ရမှာပါ” ၎င်းက ပြောသည်။

ကော်ရှူသူ အများစုမှာ လူငယ်များဖြစ်ပြီး တောင်းရမ်းစားသောက်သည့် ကလေးများ၊ အမှိုက်ကောက်သည့် ကလေးများနှင့် လေလွင့် ကလေးများအကြားတွင် ကော်ရှူခြင်းသည် အလေ့အထ တစ်ခုသဖွယ် ဖြစ်နေကြောင်း ရန်ကုန်နေလူထု အများစု က ဆိုနေကြသည်။

လွန်ခဲ့သည်ရက်ပိုင်းအတွင်းက အင်းယားကန်ဘောင်အနီး၊ မြန်မာပလာဇာ မှတ်တိုင်တွင် လေလွင့်ကလေးနှစ်ဦးက မှတ်တိုင် ခေါင်မိုးပေါ်အထိ တက်ပြီး ကော်ရှူသည့်အပေါ် ဖေ့စ်ဘွတ် လူမှုကွန်ယက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ်ပေးရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။

ပထမအကြိမ်လွှတ်တော်တွင် ထီးချိုင့် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးက လူငယ် များ ကော်ရှူခြင်းနှင့် ပတ်သက်၍  သက်ဆိုင်ရာဝန်ကြီးဌာနမှ ဥပဒေထွက်ပေါ်ရေး ဆောင်ရွက်မည့် အစီအစဉ်ရှိ/မရှိ၊ ကာကွယ် တားဆီးထားမှု အခြေအနေတို့ကို မေးမြန်းခဲ့ဖူးသည်။
 
ထိုမေးမြန်းမှု အပေါ် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ကော်သည် မူးယစ်ဆေးဝါးဖြစ်သည်၊ စိတ်ကို ပြောင်းလဲစေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်ကြောငြာစာ ထုတ်ပြန်ထားခြင်း မရှိသောကြောင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူနိုင်မည်မဟုတ်ကြောင်း၊ ကော်ရှူသုံးစွဲမှုနှင့် ပတ်သက်ပြီး ပညာရှင်များ၏ အကြံပြုချက်၊ လိုအပ်သော အမိန့်ကြော်ငြာစာများကို အမြန်ရေးဆွဲ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
 
 Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly