(၅)ကြိမ်မြောက် ဘလွန်းဒီအောဆုကို ရော်နယ်လ်ဒို လိုက်မီခဲ့တုန်းက အနည်းငယ် စိတ်အနှောက်ယှက်ဖြစ်ခဲ့ရတယ် - မက်ဆီ

(၅)ကြိမ်မြောက် ဘလွန်းဒီအောဆုကို ရော်နယ်လ်ဒို လိုက်မီခဲ့တုန်းက အနည်းငယ် စိတ်အနှောက်ယှက်ဖြစ်ခဲ့ရတယ် - မက်ဆီ
Photos: EPA

မက်ဆီဟာ ၂၀၁၉ ခုနှစ် ဘလွန်းဒီအောဆုကို ဗန်ဒိုက်နဲ့ ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးပြီးနောက် (၆)ကြိမ်မြောက် ပိုင်ဆိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့အပြင် ပြိုင်ဘက် ရော်နယ်လ်ဒိုကိုလည်း တစ်ကြိမ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် (၃၂)အရွယ်ရှိ မက်ဆီဟာ ၂၀၁၈-၁၉ ဥရောပရွှေဖိနပ်ဆုနဲ့ ဖီဖာရဲ့ အကောင်းဆုံးကစားသမားဆုတွေကို ဆွတ်ခူးခဲ့ပြီး မယုံနိုင်လောက်စရာ တစ်ဦးချင်း အောင်မြင်မှုတွေကို ပိုင်ဆိုင်နေတာလည်းဖြစ်ပါတယ်။

မက်ဆီက ရော်နယ်လ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က (၅)ကြိမ်မြောက် ဘလွန်းဒီအောဆုကို ဆွတ်ခူးပြီးနောက် သူ့ရဲ့ စံချိန်မှတ်တမ်းကို လိုက်မီတဲ့အခါ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်လို့  ဘလွန်းဒီအော်ဆုကို (၆)ကြိမ်မြောက် သိမ်းပိုက်နိုင်ပြီးနောက် အင်တာဗျူးတစ်ခုမှာ ဝန်ခံခဲ့ပါတယ်။

 

"တဖက်မှာတော့ ကျနော်တစ်ယောက်တည်း (၅)ကြိမ်မြောက် ပိုင်ဆိုင်နေတုန်းက ပျော်ရွှင်မိပါတယ်။ ခရစ္စတီယာနိုက ကျနော်ရဲ့ စံချိန်မှတ်တမ်းကို တူညီသွားတဲ့အခါ ဒါက ကျနော့်ကို အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်စေတယ်ဆိုတာ ဝန်ခံပါတယ်။"လို့ မက်ဆီက ပြင်သစ်ဘောလုံးမဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

"ဒါပေမယ့် အဲဒီအချိန်တုန်းက သူဟာ ဘလွန်းဒီအောဆုနဲ့ ထိုက်တန်ခဲ့ပြီး ကျနော်က အများကြီးလုပ်မပြနိုင်ခဲ့ဘူး။ ကျနော် ဘာလို့ မရခဲ့လည်းဆိုတာ နားလည်ပါတယ်။ ဘလွန်းဒီအောဆုဆွတ်ခူးနိုင်ဖို့ အခွင့်အရေးပိုကောင်းစေတဲ့ ချန်ပီယံလိဂ်ဖလားကို ကျနော်တို့ မရယူနိုင်ခဲ့လို့ပါ။

"ခရစ္စတီယာနိုရော်နယ်လ်ဒိုက တစ်ဦးချင်းဆုတံဆိပ်တွေ အားလုံးဆွတ်ခူးခဲ့တယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့ သူဟာ အလွန်ကောင်းမွန်တဲ့ ရာသီတွေ ရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့သလို သူ့ရဲ့အသင်းကလည်း ဒါကို လုပ်ဆောင်နိုင်ခဲ့တယ်။

သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာကိုလည်း မက်ဆီကို မေးမြန်းခဲ့ပါတယ်။

"အရိုးသားဆုံး ဝန်ခံပြောရမယ်ဆိုရင်တော့ ကျနော် မသိပါဘူး။"လို့ သူက ပြန်ဖြေခဲ့ပါတယ်။

စူပါစတား နှစ်ယောက်ကြားမှာ ရော်နယ်လ်ဒိုက ဘလွန်းဒီအောဆုကို မက်ဆီမတိုင်မီ ၂၀၀၈ ခုနှစ်က ပထမဆုံး ရရှိခဲ့ပြီး နောက် (၄)နှစ်ဆက်တိုက် ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တို့မှာ မက်ဆီက ရယူခဲ့ပါတယ်။

အဲဒီနောက် ပေါ်တူဂီတိုက်စစ်မှူးက ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ဒီဆုကို ပြန်ယူခဲ့ပြီး မက်ဆီက (၅)ကြိမ်မြောက်အဖြစ် ၂၀၁၅ ခုနှစ်မှာ ဆွတ်ခူးခဲ့ပြန်ပါတယ်။ ရော်နယ်လ်ဒိုက ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်မှာ ထပ်ပြီး ရယူခဲ့ပါတယ်။

Ref; Marca

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly