လူတိုင်း အသက် ၂၅ နှစ်ခန့်မှစ၍ ကိုလက်စထရောကို စစ်ဆေးသင့်ဟု သုတေသီများ ပြော

လူတိုင်း အသက် ၂၅ နှစ်ခန့်မှစ၍ ကိုလက်စထရောကို စစ်ဆေးသင့်ဟု သုတေသီများ ပြော

ဒီဇင်ဘာ ၄ ။         ။ လူသားတို့အနေဖြင့် အသက် ၂၀ ကျော် အရွယ်အပိုင်းအခြားမှ စ၍ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ကိုလက်စထရောပမာဏကို စစ်ဆေးထားသင့်ကြောင်း သုတေသီများက ပြောသည်။

ယင်းသို့ ဆိုပါလျင် ဘဝ တစ်သက်တာတွင် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ကြုံတွေ့ရနိုင်ခြေ အလားအလာကို တွက်ချက်နိုင်ရန်အတွက် ကိုလက်စထရော စစ်ဆေးထားမှုကို အသုံးပြုသွားနိုင်ဖွယ်ရာ ရှိကြောင်း ၎င်းတို့က ပြောသည်။

The Lancet ဂျာနယ်တွင် ဖော်ပြခဲ့သည့် အဆိုပါ လေ့လာချက်က ဆယ်စုနှစ်များစွာကြာ မကောင်းသည့် ကိုလက်စထရော အလွန်အကျွံ တက်ခြင်းကြောင့် ရေရှည်တွင် ကြုံရနိုင်သည့် ကျန်းမာရေး ဆိုးကျိုးများနှင့်ပတ်သက်၍ ခန့်မှန်းကြည့်ရှုနိုင်မည့် အပြည့်စုံဆုံးသော လေ့လာချက်တစ်ခု ဖြစ်လျက် ရှိသည်။

လူတို့အနေဖြင့် အစားအစာကို အတိုင်းအချင့်ဖြင့် စားခြင်း ၊ ဆေးဝါးမှီဝဲခြင်း တို့ကနေတဆင့် ကိုလက်စထရော လျော့ကျစေရန် လုပ်ဆောင်နိုင်ပြီး ယင်းသို့ စောစော လုပ်ဆောင်သွားနိုင်လေ၊ ကျန်းမာရေးအတွက် ပိုကောင်းလေ ဖြစ်ကြောင်း သုတေသီများက ပြောသည်။

ကိုလက်စထရော ဆိုသည်မှာ အစားအစာတစ်ချို့တွင် တွေ့ရသည့် ၊ အသည်းကနေ ထုတ်လုပ်သည့် အဆီနှင့်တူသော အရာတစ်ခုဖြစ်သည်။

ကိုလက်စထရော အမျိုးအစား နှစ်ခု ရှိသည်။

High-density lipoprotein (HDL) ကိုလက်စထရောက ခန္ဓာကိုယ်ကို ကျန်းမာနေစေရန် ကူညီပေး၍ ကောင်းသည်။

Low-density lipoprotein (LDL) က သွေးလွှတ်ကြောများကို ပိတ်ဆို့စေနိုင်သည့်အတွက် ယင်းက မကောင်းပေ။

ယခု လေ့လာချက်တွင် သုတေသီများသည် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ လူပေါင်း လေးသိန်းနီးပါးခန့်၏ ဒေတာအချက်အလက်များကို ဆန်းစစ်လေ့လာခဲ့သည်။ မကောင်းသည် ကိုလက်စထရောလယ်ဗယ်များနှင့် နှလုံးသွေးလွှတ်ကြော ရောဂါဖြစ်နိုင်သည့်အလားအလာအကြား ခိုင်မာသည့် ဆက်နွယ်မှုတစ်ခု ရှိနေကြောင်း သုတေသီတို့ လေ့လာတွေ့ရှိခဲ့သည်။

ကိုလက်စထရော လျော့ကျစေနိုင်ရန်အတွက် တက်ကြွသည့် လူနေမှု ပုံစံ နှင့် ကျန်းမာရေးနှင့် ကိုက်ညီသော စားသောက်မှု ပုံစံတို့ကို လိုက်နာကျင့်သုံးခြင်းဖြင့် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly