မဲဆန္ဒရှင် သက်သေခံလက်မှတ်အား မဲပေးမည့်နေ့ မတိုင်မီ တစ်ပတ်အလိုတွင် ထုတ်ယူရမည်

မဲဆန္ဒရှင် သက်သေခံလက်မှတ်အား မဲပေးမည့်နေ့ မတိုင်မီ တစ်ပတ်အလိုတွင် ထုတ်ယူရမည်

အောက်တိုဘာ ၂၂ ။         ။ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲပေးရန် သက်သေခံလက်မှတ်ကို မဲဆန္ဒရှင်များအား မဲပေးမည့်နေ့ မတိုင်မီ တစ်ပတ်အလိုတွင် ထုတ်ပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောသည်။

သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံး၌ သွားရောက်ထုတ်ယူရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦး က ပြောကြားသည်။

''မှတ်ပုံတင်ပြပြီး ပေးလည်းရတယ်။ ဒီသက်သေခံလက်မှတ်က မှတ်ပုံတင်မရှိသူတွေအတွက် ပို အဆင်ပြေတယ်။ တချို့က မဲစာရင်းမှာ ကိုယ့်နာမည်ပါတာ သေချာရင် သွားမထုတ်လည်းရတယ်။ လက်မှတ်မှာ ကိုယ်ပေးရမယ့် မဲရုံတွေ၊ အမှတ်စဉ်တွေပါတော့ မဲပေးရတာ လွယ်ကူတာပေါ့။ တစ်ပတ်အလိုမှာ ထုတ်လို့ရမယ်။ ပုံစံ ၃-က တွေလည်း အကြုံးဝင်တယ်။'' ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

ရက်ပေါင်း ၁၈၀ ထက်မနည်း မိမိတို့နေထိုင်ရာ မဲဆန္ဒနယ်၏ ပြင်ပသို့ရောက်နေသော မဲဆန္ဒရှင်များ အနေဖြင့် ရွေးကောက်ပွဲနည်းဥပဒေအရ ပုံစံ ၃-က လျှောက်ထား၍ မဲစာရင်းသွင်းခွင့် ရှိပါသည်။

နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲအပြီး အနိုင်အရှုံး မဲစာရင်းများကို သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ မဲရုံအကွာအဝေးပေါ်မူတည်ပြီး ၂ ရက်မှ ၃ ရက်အတွင်း ပထမစာရင်း ထုတ်ပြန်နိုင်မည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောကြားသည်။

''မဲစာရင်းကို သက်ဆိုင်ရာမဲရုံမှာဘဲ ရေတွက်ပြီး စာရင်းတွေတော့ တက်နေမှာပါ။ ပြီးတဲ့ မဲဆန္ဒနယ်တွေတော့ တက်နေမှာ ဘဲ။ တစ်နိုင်ငံလုံး ရလာဒ်ကတော့ ၈ ရက်၊ ၉ ရက်လောက်ကြာမယ်။'' ဟု ၎င်းက မဇ္ဈိမသို့ ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly