အော်တစ်ဇင်ကလေးငယ်အား ရိုက်နှက်သူကို ဥပဒေအရအရေးယူပေးရန် မြန်မာအော်တစ်ဇင်အသင်း တောင်းဆို

အော်တစ်ဇင်ကလေးငယ်အား ရိုက်နှက်သူကို ဥပဒေအရအရေးယူပေးရန် မြန်မာအော်တစ်ဇင်အသင်း တောင်းဆို

ရန်ကုန်။    ။ ဒီဇင်ဘာ ၃ရက် ။              ။ New World Therapeutic Training Center မှ ဆရာများ၏ အော်တစ်ဇင် ကလေးငယ်အား ကြမ်းတမ်းစွာ ပြုမှုဆက်ဆံခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် မြန်မာ အော်တစ်ဇင်အသင်းက ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်တောင်းဆိုခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် အော်တစ်ဇင်ကလေးငယ်အပေါ် ကြမ်းတမ်းစွာ ပြုမူဆက်ဆံမှုဖြစ်စဉ်အပေါ် လုံးဝ လက်သင့် မခံနိုင်ကြောင်းနှင့် ထိုသို့ ကျူးလွန်သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူ ပေးစေလို ကြောင်း ဆိုထားသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အော်တစ်ဇင်ကလေးမိခင်တစ်ဦးက မိမိတို့ ကလေးငယ်များသည် သာမန် မသန်စွမ်း မျိုးနှင့်မတူဘူး ဒီအပေါ် အန်တီတို့ မိဘတွေ အနေနှင့်နားလည်ထားသလို ဆရာ/မများအနေဖြင့်လည်းနားလည် ရမှာဖြစ်ပြီး ယခုဖြစ်သွားသည့်အပေါ်မှာ ဆရာ/မများအနေဖြင့် သူတို့ Limit ထက် နည်းနည်းကျော်သွားခြင်းက မဖြစ်သင့်ဘူးဟု မဇ္စျိမသို့ ပြောသည်။

 "အော်တစ်ဇင်ကလေး မိခင်တစ်ဦးအနေနဲ့ မိဘဖက်က တွေးရင် အရမ်းခံစားရပါတယ်။ ဆရာတွေ အနေနဲ့ လည်း တချို့လုပ်ရတဲ့အပိုင်းမှာ ခက်ခက်ခဲခဲနဲ့ လုပ်ရတဲ့ အပိုင်းတွေ ရှိတာပေါ့နော်။ ဒီလုပ်ရတဲ့အပေါ်မှာ သူ့ရဲ့ လုပ်ရတဲ့အတိုင်းအတာ Limit ပေါ့နော် အဲဒါကိုတော့ ကျော်ပြီးတော့ လုပ်လို့မရဘူး။ အန်တီအနေနဲ့ကတော့ ဘယ်သူ့ကိုသာစေ ဘယ်သူ့ကိုနာစေလို့တော့မဖြစ်စေချင်ဘူး။ ဒါပေမယ့် အမှန်တရားလေးတော့ ဖြစ်စေချင် တယ်" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက New World Therapeutic Training Center မှ ဆရာ နှစ်ဦးက အသက် ၁၀ နှစ်အရွယ် အော်တစ်ဇင်ကလေးငယ်တစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်မှု တစ်ခု ဖြစ်ပွားခဲ့သည်။အဆိုပါ ဖြစ်စဉ်ကို အုပ်ထိန်းသူ မိဘများက ကျောင်းရှိ CCTV မှတ်တမ်းအား တစ်ရက်စာ တောင်းကြည့်ရမှာ ကလေးငယ်အား ဆရာနှစ်ဦးက ရိုက်နှက်နေသည်ကို တွေ့ခဲ့ရခြင်းက သိရှိခဲ့ကြရခြင်း ဖြစ်သည်။

မြန်မာအော်တစ်ဇင်အသင်းသည် လူမှုရေးအဖွဲ့အစည်း ဖြစ်သည့်အလျောက် ယခု ဖြစ်စဉ်အပေါ် အရေး ယူပိုင်ခွင့်နှင့် အပြစ်ပေး ပိုင်ခွင့် မရှိသည့်အပေါ် နားလည်ပေးစေလိုသည်ဟုလည်း ဒီဇင်ဘာ ၃ ရက်နေ့  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖြစ်ရပ် နောက်ပိုင်းတွင် တခြား အော်တစ်ဇင် ကလေးငယ်များ၏ မိဘများနှင့် Special Needs ကျောင်းများ ၌် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိနေကြောင်း သိရသည်။

မြန်မာအော်တစ်ဇင်အသင်းသည် အော်တစ်ဇင် ကလေးငယ်များ၏ မိဘများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ အစည်း တစ်ခုဖြစ်ကာ အော်တစ်ဇင်များ လူ့အသိုင်းအဝိုင်းအတွင်း အများနည်းတူ နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly