အသက်အရွယ်အရ ခြေစွမ်းကျသွားမှာ မဟုတ်ဘူးလို့ မျှော်လင့်နေတဲ့ ဘလွန်းဒီအောဆု စံချိန်ရှင် မက်ဆီ

အသက်အရွယ်အရ ခြေစွမ်းကျသွားမှာ မဟုတ်ဘူးလို့ မျှော်လင့်နေတဲ့ ဘလွန်းဒီအောဆု စံချိန်ရှင် မက်ဆီ
Photos: EPA

တနင်္လာနေ့က ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးပွဲအခမ်းအနားမှာ အသက် (၃၂)နှစ်အရွယ်မှာ ဘလွန်းဒီအောဆု (Ballon d'Or)ကို (၆)ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးပြီးနောက်မှာတော့ လီယွန်နယ် မက်ဆီက သူဟာ အသက်အရွယ်အရ ခြေစွမ်းကျသွားမှာ မဟုတ်ဘူးလို့ မျှော်လင့်တယ်လို့ ပြောဆိုသွားပါတယ်။

ဘလွန်းဒီအော်ဆုကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅ ခုနှစ်တွေမှာ ရရှိခဲ့တဲ့ မက်ဆီဟာ ၂၀၁၅ နောက်ပိုင်း သူ့ရဲ့ ပထမအကြိမ် ဘလွန်းဒီအော်ဆုဖြစ်သလို ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ (၅)ကြိမ်စီ အပြိုင်ဖြစ်နေရာကနေ တစ်ကြိမ်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ ထုတ်ပြန်မှုအရ ရော်နယ်လ်ဒိုဟာ ယခုနှစ်မှာ တတိယနေရာသာရရှိခဲ့ပြီး ဗန်ဒိုက်က ဒုတိယနေရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဆုပေးပွဲကို မက်ဆီက ဇနီးဖြစ်သူ အန်တိုနယ်လာ ရော့ဇ်ကတ်ဇို၊ သူတို့ရဲ့ ကလေး (၂)ယောက်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

"လွန်ခဲ့တဲ့ (၁၀)နှစ်က ကျနော် ဒီဆုကို ပါရီမြို့ရဲ့ ဒီနေရာမှာ ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပြီး ကျနော့် ညီအစ်ကို (၃)ယောက်နဲ့ ဒီနေရာကို လာခဲ့တာ ပြန်သတိရနေမိပါတယ်။ အဲဒီတုန်းက ကျနော်က အသက် (၂၂)အရွယ်ပေါ့ဗျာ။ အခုတော့ နောက်တစ်ကြိမ် ထပ်ရပြန်ပါပြီ"လို့ မက်ဆီက ပြီးခဲ့တဲ့နှစ် ဆုရှင် မိုဒရစ်ဆီကနေ ဆုကို လက်ခံရယူပြီးနောက် စင်ပေါ်ကနေ ပြောပါတယ်။  

"ပျော်ပျော်ရွှင်ရွှင်နဲ့ နောက်ထပ်နှစ်တွေ အများကြီး ပိုကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျနော့်ရဲ့ အသက်အရွယ်နဲ့ ဒီအချိန်လေးတွေဟာ ပိုပြီး ပျော်စရာကောင်းတယ်ဆိုတာကို ကျနော် သိရပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားဘဝကနေ အနားယူဖို့ ပိုပြီး နီးကပ်လာတာနဲ့အမျှ ဒါက ခက်ခဲလို့ဖြစ်ပါတယ်။

"ကျနော့်မှာ နှစ်အများကြီး ကျန်ရှိပါလိမ့်မယ်။ ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်သန်းနိုင်မှာပါ။ ဒါပေမယ့် အခုအချိန်တွေက အကုန်မြန်လိုက်တာဗျာ။ ပြီးတော့ အရာရာတိုင်းဟာ မြန်မြန်ဆန်ဆန် ဖြစ်ပျက်နေပါတယ်။"

"ကျနော့်ရဲ့ ဘောလုံးလောက၊ ကျနော့်ရဲ့ မိသားစု၊ ကျနော့်ရဲ့ ပြိုင်ဘက်တွေနဲ့ ကျနော့်မှာရှိနေတဲ့ ဒီဘဝတစ်လျှောက်လုံးကို ဆက်ပြီး ပျော်မွေ့နိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။"

၂၀၁၉ ခုနှစ် အတွင်း လီယွန်နယ်မက်ဆီ စွမ်းဆောင် ပြထားခဲ့တဲ့ အရာများ

  • သွင်းဂိုး - ၅၄ ဂိုး
  • ဂိုး ဖန်တီးမှု - ၂၃ ကြိမ်
  • ချန်ပီယံလိဂ် ဂိုးသွင်း အများဆုံး ကစားသမား
  • လာလီဂါ ဂိုးသွင်းအများဆုံး နဲ့ ဖန်တီးမှု အများဆုံး ကစားသမား
  • လာလီဂါဖလား
  • စူပါကိုပါ
  • ဥရောပ ရွှေဖိနပ်ဆု
  • ပီချီချီ ဆုတံဆိပ်
  • လာလီဂါ အကောင်းဆုံး ကစားသမားဆု
  • UEFA ရဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားဆု
  • ဖီဖာ အကောင်းဆုံး ကစားသမားဆု

၂၀၁၉ ခုနှစ် ဘလွန်းဒီအော်ဆုပေးမှ ချီးမြှင့်တဲ့ အခြားဆုများ

  • အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆု - ရက်ပီနိုး
  • အကောင်းဆုံးလူငယ်ကစားသမားဆု (Kopa Trophy) - ဒီလစ်
  • အကောင်းဆုံးဂိုးသမားဆု (Yashin Trophy) - အယ်လစ်ဆန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly