ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့များ ရွှေမယူနိုင်သေး

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့များ ရွှေမယူနိုင်သေး
Photo: Myanmar Arnis

ဖိလစ်ပိုင်နိုင်ငံက လက်ခံကျင်းပနေတဲ့ အကြိမ် (၃၀)မြောက် ၂၀၁၉ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအားကစားအဖွဲ့များဟာ ဒီဇင်ဘာ ၂ ရက်နေ့အထိ ရွှေတံဆိပ်ရယူနိုင်ခြင်း မရှိသေးဘဲ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်များသာ ရရှိထားတယ်လို့ သိရပါတယ်။

မြန်မာအားကစားအဖွဲ့များဟာ ငွေတံဆိပ် (၅)ခုနဲ့ ကြေးတံဆိပ်  (၁၅)ခု၊ စုစုပေါင်း တံဆိပ် (၂၀)ခု ရရှိထားပြီး (၁၁)နိုင်ငံပါဝင်တဲ့ နိုင်ငံအလိုက်ရပ်တည်မှုမှာတော့ အဆင့် (၉)နေရာမှာ ရပ်တည်နေပါတယ်။

မြန်မာအားကစားအဖွဲ့ဟာ ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အားကစားနည်း (၅၆)မျိုးအနက် (၃၁)မျိုးမှာ စုစုပေါင်း အားကစားသမား (၉၅၂)ယောက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။

မြန်မာအတွက် ပထမဆုံး ဆုတံဆိပ်များကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖိလစ်ပိုင်ရဲ့ ရိုးရာကိုယ်ခံပညာအားကစားနည်းတစ်ခုဖြစ်တဲ့ Arnis ဝါးတုတ်သိုင်းပြိုင်ပွဲမှာ (ငွေ ၂၊ ကြေး ၇) ရရှိခဲ့ပါတယ်။ မြန်မာအတွက် ငွေတံဆိပ်များကို အမျိုးသမီး ၄၉ ကီလိုတန်းအလေးမပြိုင်ပွဲမှာ ပြည့်ပြည့်ဖြိုး၊ Arnis ပြိုင်ပွဲရဲ့ ဘန်တန်ဝိတ်တန်းမှာ စိုးပိုင်၊ အမျိုးသမီး ဝယ်တာဝိတ်တန်းပြိုင်ပွဲမှာ သက်ဝေဦး၊ ဖယ်သာဝိတ်တန်းပြိုင်ပွဲမှာ မော်မော်ဦး၊ လိုက်ဝိတ်တန်းမှား မိုးမိုးအေးတို့ (၅)ယောက်က ရယူပေးခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာတော့ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက တတိယဆု ကြေးတံဆိပ် ဆွတ်ခူးရရှိထားပါတယ်။ နပန်းပြိုင်ပွဲ (Kurash) ၉၀ ကီလိုအထက် ပြိုင်ပွဲမှာတော့ မြင့်ဇင်က ကြေးတံဆိပ် ဆွတ်ခူးရရှိထားပါတယ်။

အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက လက်ရှိအချိန်ထိ ရွှေ (၃၉)ခု၊ ငွေ (၂၁)ခု၊ ကြေး (၁၄)ခု၊ စုစုပေါင်း တံဆိပ် (၇၄)ခုနဲ့ ထိပ်ဆုံးက ရပ်တည်နေပြီး သူ့ရဲ့နောက်မှာတော့ ဗီယက်နမ် (တံဆိပ် ၅၅ ခု)၊ မလေးရှား (တံဆိပ် ၁၉ ခု)၊ အင်ဒိုနီးရှား (တံဆိပ် ၃၃ ခု)၊ ထိုင်း (တံဆိပ်၃၁ ခု)၊ စင်္ကာပူ (တံဆိပ် ၁၈ ခု)၊ ဘရူနိုင်း (တံဆိပ် ၉ ခု)၊ ကမ္ဘောဒီးယား (တံဆိပ် ၁၇ ခု)တို့က မြန်မာရဲ့အထက်မှာ အစဉ်လိုက်ရပ်တည်နေပြီး အောက်မှာတော့ လာအိုနဲ့ တီမောတို့ ရှိနေပါတယ်။


 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags