ကမ္ဘောဒီးယား ဘုရားပုထိုး ၁ ဆူတွင် အဆောက်အအုံပြိုကျမှုဖြစ်၍ ၃ ဦးသေဆုံး

ကမ္ဘောဒီးယား ဘုရားပုထိုး ၁ ဆူတွင် အဆောက်အအုံပြိုကျမှုဖြစ်၍ ၃ ဦးသေဆုံး

ဒီဇင်ဘာ ၃။          ။ ကမ္ဘောဒီးယားနိုင်ငံက ဘုရားပုထိုးတစ်ဆူတွင် ဒီဇင်ဘာ ၂ ရက်က ဆောက်လက်စ အဆောက်အအုံတစ်ခု ပြိုကျမှုဖြစ်၍ အလုပ်သမား သုံးဦး သေဆုံးပြီး ဆယ်ဦးခန့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိ သွားသည်ဟု ကနဦးသတင်းများအရ သိရသည်။

စီရမ်ရိ ပြည်နယ်ရှိ ဘုရားပုထိုးတစ်ဆူရှိ အဆိုပါ ဆောက်လက်စ အဆောက်အအုံ ပထမထပ်တွင် ယင်းနေ့က အလုပ်သမားများ လုပ်ငန်းခွင်ဝင်နေစဉ် ယင်း အဆောက်အအုံ ပြိုကျသွားခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်သည် နိုင်ငံတွင် စည်းကမ်းတင်းကျပ်မှု လျော့ရဲနေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း နောက်ဆုံးပေါ်ပေါက်လာခဲ့သည့် လူသေဆုံးမှုဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။

 

ယင်း အဆောက်အအုံပြိုကျမှုဖြစ်ပြီးနောက် ယင်းနေရာကို မြေတူးစက်ဖြင့် လာရောက်ရှင်းလင်းနေသည့် ပုံရိပ်များကိုလည်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

ပြည်တွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ ယင်းအဆောက်အအုံမပြိုကျခင် အလုပ်သမား ၂၀ ခန့် အလုပ်လုပ်နေခဲ့ကြသည်ဟု ဆိုပြီး လက်ရှိအချိန်အထိ အပျက်အစီးပုံများအောက်တွင် ပိတ်မိနေသူများ ရှိနေသေးသလား ဆိုသည်နှင့်ပတ်သက်၍ တိတိကျကျ မသိရသေးပေ။

ပြီးခဲ့သည့် ဇွန်လကလည်း ယင်းနိုင်ငံရှိ ကမ်းခြေမြို့တစ်မြို့ဖြစ်သော စီဟာနော့ဗီလီတွင် အဆောက်အအုံတစ်လုံး ပြိုကျမှုတစ်ခုအတွင်း လူ ၃၀ နီးပါး သေဆုံးထားခဲ့သည့် ဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ပေါ်ထားခဲ့သေးသည်။

  Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly