ဂျူးများကို သတ်ရန် ပါလက်စတိုင်း ဘာသာရေးခေါင်းဆောင်က ဟစ်တလာကို အကြံပေးခဲ့ဟု နေတန်ယာဟုပြော

ဂျူးများကို သတ်ရန် ပါလက်စတိုင်း ဘာသာရေးခေါင်းဆောင်က ဟစ်တလာကို အကြံပေးခဲ့ဟု နေတန်ယာဟုပြော

ဂျေရုစလင်၊ အောက်တိုဘာ-၂၂ ။               ။ အစ္စရေးနိုင်ငံသမိုင်းတွင်တော့ ဘင်ဂျမင် နေတန်ယာဟုလောက် တင်းမာရန်ထောင်သူ ရှိမည်မဟုတ်ပါ။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပါလက်စတိုင်း ဘာသာရေး ခေါင်းဆောင်တစ်ယောက်က အဒေါ့ ဟစ်တလာအား ဂျူးများကို ရှင်းပစ်ရန် အကြံပေးခဲသည်ဟု အခိုင်အမာပြောလိုက်သည့်အခါတွင် သူ၏ မဟာမိတ်များသည်ပင်လျှင် အံ့အားသင့်ထိတ်လန့်ကုန်ကြသည်ဟု ဆိုသည်။

အောက်တိုဘာ၂၀ရက် ညနေမိန့်ခွန်းတစ်ခုတွင် နေတန်ယာဟုက လက်ရှိ အစ္စရေးနှင့် အနောက်ဘက်ကမ်းတွင် အကြမ်းဖက်မှုများ တဟုန်ထိုးမြင့်မားလာမှုအပေါ် သမိုင်းနောက်ခံ အချက်အလက်များဖြင့် ရှင်းပြရန် ကြိုးစားခဲ့ရာတွင် ထိုစဉ်က ဗြိတိသျှပါလက်စတိုင်းဟုခေါ်သည့် နိုင်ငံတွင်နေထိုင်နေကြသော ဂျူးလူမျိုးများမှာ ၁၉၂၀၊ ၁၉၂၁နှင့် ၁၉၂၉ခုနှစ်များတွင် ဒုတိယကမ္ဘာစစ်အတွင်းက နာဇီများနှင့် မဟာမိတ်ဖွဲ့ခဲ့သည့် ဂျေရုစလင်မှ မွတ်စလင်ဘာသာရေးခေါင်းဆောင် ဟာ့ဂျ် အာမင် အယ်လ် ဟူစိန်နီက လှုံ့ဆော်ခဲ့သည့် တိုက်ခိုက်မှုပေါင်း မြောက်များစွာကို ရင်ဆိုင်ခဲ့ကြရသည်ဟု ပြောကြားခဲ့သည်။

ထို့နောက် နေတန်ယာဟုက လူအများ ထိတ်လန့်အံ့သြသွားစေမည့် စကားကို ဤသို့ ပြောကြားပြန်သည်။ ‘အဲဒီတုန်းက ဟစ်တလာက ဂျူးတွေကို သုတ်သင်ပစ်လိုတဲ့ ဆန္ဒမရှိသေးဘူး။ သူက နှင်ထုတ်ရုံလောက်ပဲ လုပ်ချင်ခဲ့တာ။ ဟာ့ဂျ် အာမင် အယ်လ် ဟူစိန်နီက ဟစ်တလာဆီသွားပြီး ခင်ဗျား ဂျူးတွေကို နှင်ထုတ်ရင် သူတို့အားလုံး ဒီကိုရောက်လာလိမ့်မယ်လို့ ပြောတယ်။ အဲဒီတော့ ဟစ်တလာက ဒီလိုဆို ဂျူးတွေကို ဘာလုပ်သင့်သလဲလို့ မေးတဲ့အခါ ဟူစိန်နီက သူတို့ကို မီးရှို့သတ်ပစ်လိုက်လို့ အကြံပေးခဲ့တယ်’’ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ဂျူးများကို ရှင်းပစ်ရန် နာဇီများက အစီအစဉ်ဆွဲနေသည့်အချိန် နောက်ဆုံး မည်သို့မည်ပုံ ရှင်းပစ်မည်ကို ဆုံးဖြတ်ရာတွင် မွတ်စလင်ဘာသာရေးခေါင်းဆောင်မှာ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု သမိုင်းပညာရှင်တစ်ယောက်၏ သားလည်းဖြစ်သည့် ဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်။

ပါလက်စတိုင်းလူမျိုးများနှင့် ၎င်းတို့ကို ထောက်ခံသူများက ပြောကြားသည့် မုသားကြီး ၁၀ခွန်းနှင့် ပတ်သက်သော ကမ္ဘာ့ဇီယွန်ကွန်ဂရက်တွင် ပြောကြားသည့် မိန့်ခွန်းတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားလိုက်ခြင်းပင် ဖြစ်သည်။

အစ္စရေးခေါင်းဆောင်ကို ထောက်ခံသူများက နေတန်ယာဟု ဘာကိုဆိုလိုသည်ကို စဉ်းစားနေကြရပြီး သူ့ကို ဝေဖန်သူများကမူ သူ၏ ပြောဆိုချက်များမှာ ဂျူးထုနှင့်ထည်နှင့်သတ်ဖြတ်မှု (Holocaust)ကို ငြင်းပယ်နေသူများကို ဆိုးဆိုးရွားရွား အကာအကွယ်ပေးနေသည်ဟု ပြောကြသည်။

ထိုအငြင်းပွားမှုမှာ ဟိုလိုကပ်စ်ကို ငြင်းပယ်လျှင် ရာဇဝတ်မှုဟု သတ်မှတ်သည့် ဂျာမနီသို့ နေတန်ယာဟု၏ နိုင်ငံတော်အလည်အပတ်ခရီးစဉ်မတိုင်မီတွင် ပေါက်ကွဲလာခဲ့သည်။ ဂျာမန်များကမူ ဟိုလိုကပ်စ်ပြစ်မှုအတွက် သူတို့တွင်သာ တာဝန်ရှိပါကြောင်း အစ္စရေးခေါင်းဆောင်အား ယဉ်ယဉ်ကျေားကျေး ပြောကြားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly